ခရစ္စမတ်အကြို ကျေးဇူူးတော်ချီးမွမ်းခြင်းနှင့် ညစာစားပွဲ အခမ်းအနား ဧဝံဂေလိ အသင်းတော် (ကြို့ကုန်း) ၌ ကျင်းပ

မြန်မာနိုင်ငံ အေဂျီ(ဧဝံဂေလိ) အသင်းတော်များ အမှတ်(၃) သာသနာခရိုင် က ကြီးမှူးကျင်းပသည့် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ရှိ ဧဝံဂေလိ အသင်းတော် (ကြို့ကုန်း) ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

 

အခမ်းအနားတွင် ဧဝံဂေလိ အသင်းတော် (ကြို့ကုန်း) မှ သိက္ခာတော်ရ ဆရာမ ဒေါ်နီနီဆွေ က သမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ ဧဝံဂေလိ အသင်းတော် (တွံတေး)မှ သိက္ခာတော်ရ ဆရာဦးထွန်းဘော်က အဖွင့်ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ထို့နောက် ဧဝံဂေလိ ဓမ္မကောလိပ်မှကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက် ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆရာမ အိမြတ်စန္ဒာနှင့်အဖွဲ့က မြန်မာအကဖြင့် ဂုဏ်တော် ချီးမွမ်းခြင်း၊ Word of Hope ဓမ္မကောလိပ်မှ အဖွဲ့လိုက် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အေဂျီ(ဧဝံဂေလိ) အသင်းတော်များ အမှတ်(၃) သာသနာ ခရိုင်၊ ရန်ကုန် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာ ဦးအေးမင်း က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

 

ဆက်လက်၍ မြန်မာနိုင်ငံ သာသနာပြု မိတ်သဟာယ အသင်းတော် (MMFC)မှ အသင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာဒေါက်တာခုပ်လျန်းပေါင်က လူသားအားလုံး ဝမ်းမြောက်ပျော်ရွှင်ပြီး အောင်မြင်သော ဘဝတစ်သက်တာများ ရရှိရန်နှင့် မြန်မာနိုင်ငံ တော်ကြီး အစဉ်ငြိမ်းချမ်းရန် အတွက် ခရစ္စမတ် အထူးဆုတောင်းမေတ္တာ ပို့သမှုကို ပြုလုပ်ပြီး ငြိမ်သက်ခြင်း ဧဝံဂေလိ အသင်းတော် နှင့် ငြိမ်သက်ခြင်း ဧဝံဂေလိ မြန်မာ ဓမ္မကောလိပ် တို့မှ ကျောင်းသား၊ ကျောင်းသူများ ၊ သက်စမ်းရေ ဧဝံဂေလိ အသင်း တော်မှ အသင်းသား၊ အသင်းသူများ က အဖွဲ့လိုက် ဂုဏ်တော်ချီးမွမ်းခြင်း တို့ကိုဆောင် ရွက်ကြသည်။

 

ထို့နောက် ဧဝံဂေလိ အသင်းတော် (ကြို့ကုန်း)မှ အသင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာ ဦးမောင်မောင်ချစ်က ကောက်ခံရရှိသော အလှူငွေများအတွက် ဆက်ကပ် ဆုတောင်းခြင်း၊ သိက္ခာတော်ရ ဆရာဒေါက်တာ စောတင့်ဆန်းဦးနှင့် တေးသံရှင် ကြိုးကြာ တို့က ဓမ္မတေး တေးသီချင်းများဖြင့် တစ်ကိုယ်တော်ဖျော်ဖြေခြင်း၊ ခရစ်ယာန် မြို့ပြ အသင်းတော် (CCC) မှ အသင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာ ဒေါက်တာ ဦးအောင်မန်း က ခရစ္စမတ် တရားဒေသနာကို ဟောကြားခြင်း တို့ကိုဆောင်ရွက်သည်။

 

ယင်းနောက် တက်ရောက်လာကြသူများက လောကဝမ်းမြောက်ဘုရားကြွလာ ဓမ္မတေးသီချင်းကို သံပြိုင်သီဆို ချီးမွမ်းပြီး  သိက္ခာတော်ရ ဆရာတော် ဦးအိုကေ က ကောင်းကြီးပေးသည်။ 

 

ဆက်လက်၍ တည်ခင်း ဧည့်ခံကျွေးမွေးသည့် အစားအသောက်များအတွက် သိက္ခာတောရ ဆရာ ဦးဇင်ခန့်ခုပ် က ဆက်ကပ်ဆုတောင်းခြင်းတို့ကိုဆောင်ရွက်ပြီး ညစာကို အတူတကွသုံးဆောင်ကြသည်။

 

ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အေဂျီ(ဧဝံဂေလိ) အသင်းတော်များ အမှတ်(၃) ခရိုင်၊ ရန်ကုန် အောက်ရှိ အသင်းတော်များမှ သိက္ခာတော်ရ ဆရာတော်ကြီးများနှင့်သင်းအုပ် ဆရာ တော်များ၊ အသင်းသူ အသင်းသားများ၊ ဓမ္မကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)