ချည် ရုပ်ရှင်ကို ဒီဇင်ဘာ ၂၆ ရက် တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၄ ဒီဇင်ဘာ

 

ကယန်းတိုင်းရင်းသားတို့၏ ဓလေ့၊ လူနေမှုဘဝနှင့် သဘာဝအလှရှုခင်းများကို ပုံဖော်ရိုက်ကူးထားသည့် “ချည်” ရုပ်ရှင်၏ အထူးပြပွဲကို ဒီဇင်ဘာ ၂၃ ရက်ညပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင်ပြသပြီး ဒီဇင်ဘာ ၂၆ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဤရုပ်ရှင်တွင် ဇာတ်ညွှန်း ဇာတ်လမ်း မင်းခိုက်စိုးစံ၊ ထက်မြက်နိုင်ဇင်၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သက်မွန်မြင့်၊ ရွှေသမီး၊ ဇော်ဇော်နှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး၊ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။

 

“ကယန်းရိုးရာဓလေ့က ဆရာ မင်းခိုက်စိုးစံနဲ့ ဆရာမ မထက်မြက်နိုင်ဇင်တို့ရဲ့ လေ့လာမှုအားကြောင့်ပါ၊ အောင်ပန်းနဲ့လွိုင်ကော်မှာ ရိုက်ထားပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတာ လက်လှမ်းမီသလောက် ရိုက်ဦးမှာပါ၊ ဓာတ်ပုံတွေ၊ စာသားတွေက ပရိသတ်စိတ်ဝင်စားတဲ့ စာသားဖြစ်နေလို့ ကြိုက်နှစ်သက်မယ်လို့ ကျွန်တော်အာမခံပါတယ်”ဟု ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောသည်။

 

“ကယန်းဒေသမှာ သွားရိုက်တာဆိုတော့ အသစ်အဆန်းဖြစ်သွားတာပေါ့၊ သူတို့ရဲ့ ဓလေ့ရိုးရာ၊ အလှတွေ၊ နေပုံထိုင်ပုံတွေ၊ အဝတ်အစားတွေက အသစ်အဆန်းတွေ အဖြစ်မြင်ရတယ်၊ သဘောကျတယ်၊ ဒါရှားပါးတဲ့တန်ဖိုးရှိတဲ့ အရာတွေပဲ၊ သူတို့ရိုးရာလေးတွေ တန်ဖိုးထားတာက အခုချိန်အထိ ရိုးရာဝတ်စုံလေးတွေ ဝတ်နေသေးတယ်၊ သူတို့ အဲဒီရွာလေးမှာပဲနေတယ်၊ သူတို့ထိန်းသိမ်းနိုင်တယ်၊ ဒီကားမှာ ကိုယ့်နိုင်ငံရဲ့ အလှအပတွေပြခွင့်ရလို့ ဝမ်းသာပါတယ်” ဟု အကယ်ဒမီသက်မွန်မြင့်က ပြောသည်။

 

သန့်ဇင်ဝင်း