ချင်းတိုင်းရင်းသားတို့၏ ချစ်မြတ်နိုးဖွယ် ရိုးရာပွဲတော်များ

မင်းလပြည့်

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် တိုင်းရင်းသား စုဝေးနေထိုင်သော နိုင်ငံဖြစ်သည်။ တိုင်းရင်းသားများတွင် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများ ကိုယ်စီရှိကြသည်။ ၎င်းတို့အနက် ချင်းလူမျိုး၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရာအကပွဲတော်များအနက် လူသိနည်းပါးသော ရိုးရာပွဲတော်များလည်း ရှိသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။ ချင်းပြည်နယ်တွင် ပေ ၅ဝဝဝ မှ ပေ ၁ဝဝဝဝ ကျော်မြင့်သော တောင်တန်းများရှိပြီး ချင်းတိုင်းရင်းသား မျိုးနွယ်စုများမှာ နေရာအနှံ့အပြား၌ နေထိုင်လျက်ရှိသည်။

 

ချင်းတိုင်းရင်းသားလူမျိုး မျိုးနွယ်စုများမှာ ချင်း၊ မယ်တိုင်(ကသဲ)၊ ဆလိုင်း၊ ကလင်ကော(လုရှေ)၊ ခမီ၊ အောင်ခပီ၊ ခေါနိုး၊ ခေါင်စို၊ခေါင်ဆိုင်ချင်း၊ နွာလ်ဆင်းမ်၊ ခွန်လီ(ဆင်မ်)၊ ဂန်တဲ၊ ဂွေးတဲ၊ ငွန်း၊ ဆိဇန်၊ ဆင်ထန်၊ ဆိုင်းဇန်၊ ဇာဟောင်၊ ဇိုတုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညပ်၊ တပေါင်၊ တီးတိန်(တဲဒင်မ်)၊ တေဇန်၊ တိုင်ချွန်း၊ ထာ့ဒို၊ ထောရ်၊ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ခူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မတူ၊ မိရမ်(မရာ)၊ မိအဲ၊ မွင်း၊ လူရှိုင်း (လူရှည်)၊ လေးမြို့၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဝါကင်းမ်(မရို)၊ ဟွာလ်ငို၊ အနူး၊ အနန်၊ အူးပူ၊ လျင်းကု၊ အရှိုချင်း(မြေပြန့်)၊ ရောင်တူ စသည့် စုစုပေါင်း ၅၃ မျိုးနွယ်ရှိကြောင်း သိရသည်။ ချင်းလူမျိုးများတွင် ကွဲပြားခြားနားသည့် ရိုးရာဓလေ့၊ ပွဲလမ်းသဘင်အမျိုးမျိုးရှိသည်။ ရာသီပွဲတော်နှင့် အခြားပွဲတော်ဟူ၍ အဓိက နှစ်မျိုးခွဲခြားနိုင်သည်။ ရာသီပွဲတော်ကို နှစ်စဉ်ရာသီပွဲတော်အချိန် ကျရောက်လျှင် ကျင်းပပြီး အခြားပွဲတော်များ (ပုဂ္ဂလိကဆိုင်ရာ ပွဲတော်များ)ကို ကျင်းပမည့်ပုဂ္ဂိုလ်ရှိမှသာ ကျင်းပလေ့ရှိသည်။ ချင်းလူမျိုးတို့၏ ရိုးရာ ပွဲတော်များအနက် ကောက်သစ်စားပွဲ၊ ဝက်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ လုံယူပွဲ၊ ကုမ်စီပွဲ၊ ဆပ်ဆံတင်းရာပြည့်အောင်ပွဲ၊ တွန့်ပွဲတော်၊ ခွါဒိုပွဲ(ခေါ်)နှစ်သစ်ကူးပွဲ၊ ခွါန်ကြွဲပွဲတော်၊ နွားစားပွဲ၊ ဟင်းသစ်စားပွဲ၊ တအိုင်စားပွဲ၊ ရှာလ်ဆောင်းမ်ပွဲ (ခေါ်) လောင်မ်းအန့်နခ်ပွဲ၊ ရန်သူအောင်ပွဲ၊ သားရဲတိရစ္ဆာန်ရအောင်ပွဲ၊ ဆင်အောင်ပွဲ၊ ကျားအောင်ပွဲ စသည်ဖြင့် ပွဲလမ်းသဘင်အမျိုးမျိုးဖြင့် ဆင်နွှဲကျင်းပလေ့ ရှိသည်။

 

ချင်းရိုးရာပွဲတော်များအနက် ခွါန်ကြွဲ ပွဲတော် (Khuangcawi Festival)၊ ရှာလ် ဆောမ်းပွဲတော် (လောမ်းအန့်နခ်ပွဲတော်)၊ တွန့်ပွဲတော် (Ton Festival) တို့သည်လည်း စိတ်ဝင်စားဖွယ် ကောင်းသော ပွဲတော်များဖြစ်သည်။

 

ခွါန်ကြွဲပွဲတော် (Khuangcawi Festival)

 

ခွါန်ကြွဲပွဲတော်ကို ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ရှိ ချင်းလူမျိုးတို့၏ အကြီးကျယ်ဆုံးသော ဂုဏ်တုဂုဏ်ပြိုင် ပွဲတော်ဖြစ်သည်။ ပွဲတော်မှာ ခုနစ်ရက်ခန့်ကြာပြီး ပွဲပြုလုပ်သူအိမ်ရှင်၏ တတ်နိုင်သည့် အတိုင်းအတာဖြင့် နွားနောက်ငါးကောင်မှ အကောင် ၂ဝ အထိ အကုန်ကျခံကျွေးမွေးလေ့ရှိသည်။

 

ခွါန်ကြွဲပွဲတော်ကို ရိုးရာဓလေ့များအရ နတ်ပွဲငယ်များကို အစဉ်လိုက်အားလုံးကျင်းပ ပြီးမှသာ နောက်ဆုံးကျင်းပသည့် အဆင့်အမြင့်ဆုံး ပွဲတော်ဖြစ်သည်။ ခွါန်ကြွဲပွဲကို တတ်နိုင်ပါက အကြိမ်အကန့်အသတ်မရှိ ကျင်းပနိုင်သည်။ ပွဲတော်ကျင်းပသူ အိမ်ရှင်အား ဆွေမျိုးမိတ်ဆွေများကလည်း ဝိုင်းဝန်း ကူညီကြသည်။

 

ပထမနေ့သည် ဆွေမျိုးဉာတိများ ဖိတ်သောနေ့ဖြစ်သည်။ ဒုတိယနေ့သည် နယ်မှဧည့်သည်များ ရောက်သောနေ့ဖြစ် သည်။ တတိယနေ့သည် နွားနောက်သတ်သောနေ့ ဖြစ်သည်။ လက်ရွေးစင်အကအဖွဲ့များအား ကျွေးမွေးပြီးမှ အခြားဧည့်သည်များကို ကျွေးရသည်။ လေးရက်မြောက်သောနေ့သည် နွားနောက်သားစားသောနေ့ဖြစ်သည်။ ပွဲရှင်၏ဇနီးအား ထမ်းတင်ရန် ခေါင် ခေါ် သစ်သားထမ်းစင် လှပစွာပြုလုပ်ထားသည်။ ငါးရက်မြောက်နေ့သည် ခွါန်ကြွဲပွဲနေ့ဖြစ်သည်။ ပွဲရှင်၏ဇနီးသည် တံခါး၌ ထမ်းစင်ပေါ် ရပ်လျက် အကအဖွဲ့ကို ခေါင်ရည်ဖြင့် ကြိုဆို ဧည့်ခံသည်။ ပွဲရှင်၏ဇနီးကို ထမ်းစင်ပေါ်တင်ပြီး မြှောက်ချည်၊ နိမ့်ချည်ပြုလုပ်ကာ သီဆိုကခုန်ကြသည်။ အနားယူလိုက်၊ မြှောက်ပင့်လိုက်အား ခုနစ်ကြိမ်ပြည့်သောအခါ ခွါန်ကြွဲပွဲပြီးဆုံး၍ ရပ်နားကြလေသည်။ ခွါန်ကြွဲပွဲ အဆိုအကပြီးလျှင် နပမ်းလုံးယှဉ်ပြိုင် ကြသည်။ ဆဋ္ဌမနေ့သည် နွားနောက်ခေါင်းချသောနေ့ ဖြစ်သည်။ ပွဲ၌အသုံးပြုသည့် နွားနောက်များ၏ ဦးခေါင်းခွံများကို အိမ်ရှေ့ နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ ပွဲ၏နောက်ဆုံးနေ့ဖြစ်သော သတ္တမမြောက်နေ့သည် ငါးဖမ်းထွက်သောနေ့ ဖြစ်သည်။ ဖမ်းလာသည့်ငါးထဲမှ အကြီးဆုံးငါး နှစ်ကောင်ကို မီးကင်ပြီး ပွဲရှင်ဇနီးမောင်နှံအား တစ်ကောင်စီ ကျွေးသည်။ ဤညတွင် အပျို လူပျိုများသာ သီဆိုကခုန်ကြပြီး၊ ညသန်းခေါင် အချိန်တွင်ရပ်နားကာ ခွါန်ကြွဲပွဲ ပြီးဆုံးသွားလေသည်။

 

ရှာလ်ဆောမ်းပွဲတော်(လောမ်းအန့်နခ်ပွဲတော်)

 

တောင်ယာသီးနှံများ မျိုးစေ့ချကြဲပြီးဆုံးချိန်ဖြစ်သော မတ်လ (သို့) ဧပြီလများတွင် ကျင်းပသောပွဲတော်ဖြစ်သည်။ ရာသီဥတု ကောင်းမွန်ရန်၊ တောင်ယာသီးနှံများ ကောင်းစွာပေါက်ရောက်ပြီး အောင်မြင်ဖြစ်ထွန်းစေရန်နှင့် တစ်ရွာလုံး ကျန်းမာချမ်းသာ ပျော်ရွှင်စေရန် တွာလ်ယဇ် (ရွာဘုံ စောင့်နတ်) ပူဇော်ပသသည့်ပွဲဖြစ်သည်။

 

ရွာရှိအိမ်တိုင်းတွင် ခေါင်ရည် အနည်းငယ်စီစုပြီး ရွာရှိနတ်ဆရာအဖွဲ့သည် တွာလ်၌ ရွာဘုံနတ်ကို ဝက်တစ်ကောင်ဖြင့် သွားရောက် ပူဇော်ကာ ခေါင်ရည်များကို သောက်သုံးကြသည်။ ထိုနေ့တွင် နတ်ဆရာနှင့်အဖွဲ့မှအပ မည်သူမျှ နတ်ကွင်း(တွာလ်)ကို ဖြတ်သန်းခွင့် မပြုချေ။

 

တွာလ်ယဇ်ပူဇော်ပြီးနောက်တစ်နေ့တွင် ဥပုသ်စောင့်ရင်း ရှာလ်ဆောမ်းပွဲပြုလုပ်သည်။ ပွဲတော်နေ့သည် ဥပုသ်စောင့်သောနေ့ဖြစ်၍ ဗုံ၊ မောင်းစသည်တို့ကို မတီးရပါ။ အကြောင်းမှာ မောင်းတီးလိုက်ပါက လေမုန်တိုင်း ကျရောက်တတ်ပြီး အိမ်အဆောက်အအုံများ အပျက်အစီးများတတ်သည်ဟု ယုံကြည်ယူဆသောကြောင့်ဖြစ်သည်။ ပွဲတော်ရက်တွင် တောင်ယာသွားခြင်း၊ မြေတူးခြင်း၊ ပေါင်းပင်နုတ်ခြင်းတို့ကို ရှောင်ကြဉ်သည်။ ရွာထဲသို့ လူစိမ်းမဝင်ရန် ရွာအဝင် လမ်းဘေးတိုင်းတွင် အချက်ပြသစ်ကိုင်းသစ်ရွက်များ ချိတ်ဆွဲသည်။

 

ပွဲတော်၏နောက်တစ်နေ့တွင် ယောကျာ်းများ တောကောင်ဖမ်းရန် တောလည်ထွက်သွားကြသည်ကို ဆောင်ဘိန်းဟု ခေါ်သည်။ ယင်းနေ့တွင် တောကောင်ဖမ်းဆီးရမိသူသည် အလွန်နာမည်ကြီးပြီး ချီးမွမ်းခြင်းခံရသည်။

 

ဆောင်ဘိန်းထွက်ပြီး သားကောင်ဖမ်းမိပါက ယင်းနှစ်တွင် ကံကြမ္မာကောင်းမည်။ မကောင်းဆိုးဝါးကျရောက်မည်ကို ဤတောကောင်ဖြင့် အစားထိုးလိုက်ပြီဟု အယူအဆရှိသဖြင့် ဝမ်းသာပျော်ရွှင်ကြသည်။ ပျော်ပွဲ၊ ကပွဲများ ပြုလုပ်ကြသည်။

 

ဤပွဲတော်ကျင်းပသည့်ရက်သည် တစ်နှစ် နှင့်တစ်နှစ် မတူနိုင်ချေ။ မိုးဦးစောခြင်း၊ နောက်ကျခြင်းအပေါ် မူတည်၍ မျိုးစေ့ချကြသဖြင့် မျိုးစေ့ချပြီးချိန် တစ်နှစ်နှင့်တစ်နှစ် မတူပါ။ တောင်ယာတွင် မျိုးစေ့ချပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှာလ်ဆောမ်းပွဲကို ကျင်းပကြသည်။

 

တွန့်ပွဲတော် (Ton Festival)

 

ချင်းရိုးရာဓလေ့အရ ဇူးနူန်းပွဲတော် ကျင်းပပြီးမှသာ တွန့်ပွဲတော် ကျင်းပခွင့်ရှိသည်။ လင်မယားနှစ်ဦးစလုံး အသက်ရှိစဉ် ကာလတွင်သာ ကျင်းပနိုင်သည်။ လင်မယား တစ်ဦးတစ်ယောက် ကွယ်လွန်ခဲ့သော် မည်မျှပင်ကြွယ်ဝချမ်းသာစေကာမူ တွန့်ပွဲတော် ကျင်းပပိုင်ခွင့်မရှိပေ။ အကြာင်းမှာ မေတ္တာနှင့် သစ္စာတရားရှေ့ထားပြီး နောက်နောင်ကာလ နှင့် တမလွန်ဘဝကောင်းကင်ဘုံ၌ပါ သူတို့၏ ဝိညာဉ် အတူပေါင်းသင်းနေထိုင်နိုင်ရန် သစ္စာ တရားရှေ့ထားပြီး သစ္စာအဓိဋ္ဌာန်ပြုကြသည့် ပွဲဖြစ်သောကြောင့်ဖြစ်သည်။ ပွဲပြုလုပ်ပြီးနောက် လင်မယားတစ်ဦးတစ်ယောက် ကွယ်လွန်ခဲ့သော် ကျန်ရစ်သူသည် သစ္စာ အဓိဋ္ဌာန်ပြုသည့်အတိုင်း နောက်ထပ် အိမ်ထောင်မပြုရတော့ပေ။

 

တွန့်ပွဲတော်သည် မိမိ၏ကြွယ်ဝချမ်းသာမှုကို ဂုဏ်ယူကျင်းပသည့် ဂုဏ်သိက္ခာမြှင့်တင်ပေးသော လူမှုရေးပွဲတော်ဖြစ်သည်။ တီးတိန် မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ချင်းလူမျိုးတို့၏ ရိုးရာပွဲတော်များအနက် ဂုဏ်သိက္ခာအမြင့်ဆုံး ပွဲတော်ဖြစ်သည်။ တွန့်ပွဲတော်ကျင်းပနိုင်သူများကို ဂုဏ်ကျက်သရေရှိသူအဖြစ် ကြည်ညို လေးစားကြသည်။ တွန့်ပွဲတော်သည် လူမှုရေးရာ ဂုဏ်သိက္ခာတင်ပွဲဖြစ်ရာ ပွဲကျင်းပနိုင်သည့်သူရှိမှသာ ပြုလုပ်ရသည်။ အများအားဖြင့် ရာသီဥတုသာယာသည့် ဆောင်းရာသီကာလ များတွင် ကျင်းပလေ့ရှိသည်။ တွန့်ပွဲတော်ကို ခေါင်ရည်များ၊ စားသောက်ပွဲများ၊ အတီး အမှုတ်၊ အဆိုအကများဖြင့် ခုနစ်ရက်ကြာ ကြီးကျယ်ခမ်းနားစွာကျင်းပသည်။ ရဲရဲတောက် နေသော မီးပုံ၊ မီးခဲပေါ်နင်း၍ ကသည့်အကမှာ ထူးခြားသည်။ တွန့်ပွဲတော်ကျင်းပရာတွင် ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဆွေမျိုးစုအကြီး အကဲ (Tulpipa)၏ သဘောတူခွင့်ပြုချက်နှင့် ဆွေမျိုးများ၏ သဘောတူထောက်ခံမှုရှိမှသာ ပွဲတော်ကျင်းပနိုင်သည်။ ပွဲတော်တွင် ရိုးရာဓလေ့ အစဉ်အလာနှင့်အညီ ဆွေမျိုးဉာတိများကလည်း ကျရာတာဝန်ဝတ္တရားများကို ကျေပွန်အောင် တာဝန်ယူဆောင်ရွက်ပေးကြ ရသည်။ သို့ဖြစ်ရာ တွန့်ပွဲတော်သည် တစ်ဦး တစ်ယောက်တည်း၏ဆန္ဒဖြင့် မကျင်းပနိုင်ဘဲ တစ်ဆွေမျိုးလုံးညီညွတ်၍ သဘောတူမှသာ ကျင်းပနိုင်သောပွဲဖြစ်ရာ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေသော ရိုးရာပွဲတော်ဖြစ်သည်။ တွန့်ပွဲတော်ကျင်းပသည့်အိမ်ရှင်၏ အိမ်ရှေ့ ကွင်းပြင်တွင် ပွဲတော်၌ အသုံးပြုသည့် နွားနောက်ကောင် အရေအတွက်အတိုင်းSongpost ခေါ် လင်မယားသစ္စာအဓိဋ္ဌာန်ပြု တိုင်များကို စိုက်ထားသည်။ တွန့်ပွဲတော်ကို နှစ်ကြိမ်ထက်ပို၍ ကျင်းပနိုင်သောသူများကို သာရှာလ်ကုပ်ဂိုး (Sialkopgo) ဟုခေါ်ပြီး ဇိုမီးတို့၏ ဂုဏ်ပကာသနယှဉ်ပြိုင်မှုတွင် အဆင့်မြင့်ဆုံး၊ အထွတ်အထိပ်သို့ရောက်ရှိ ခြင်း ဖြစ်သည်။

 

ချင်းတိုင်းရင်းသားများသည် နေရာဒေသ ကွဲပြားခြားနားစွာ နေထိုင်ကြသော်လည်း သွေးစည်းချစ်ခင်မှုများရှိကြသည်။ ရဲစွမ်း သတ္တိရှိသော လူမျိုးလည်းဖြစ်သည်။ ချင်းတိုင်းရင်းသားတို့သည် အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်တိုက်ခိုက်ခဲ့သော လူမျိုးများဖြစ် သကဲ့သို့ ရိုးရာယဉ်ကျေးမှုကိုလည်း အသက်တမျှ မြတ်နိုးထိန်းသိမ်းလိုက်နာသော လူမျိုးများဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မြှင့်တင်ဆောင်ရွက်ပေးနေသဖြင့် ချင်းပြည်နယ်သို့ အလည်တစ်ခေါက်ရောက်ရှိပါက ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို လေ့လာသင့်ကြောင်း အကြံပြုလိုပါသည်။

 

ချင်းတိုင်းရင်းသားတို့သည် ရိုးရာပွဲတော်များတွင် ရွာလုံးကျွတ်၊ မြို့လုံးကျွတ် ပါဝင် ဆင်နွှဲလေ့ရှိကြသည့်အပြင် လူမှုရေး၊ သာရေး၊ နာရေးကိစ္စများတွင်လည်း အားတက်သရော ပါဝင်ဆောင်ရွက်လေ့ရှိကြသည်။ ချစ်ခြင်း မေတ္တာတရား၊ သစ္စာတရားကို အဓိကအလေးထားကြသည်။ အောက်ချင်းငှက်သည် ချင်းတိုင်းရင်းသားတို့၏ သင်္ကေတအမှတ်အသား တစ်ခုဖြစ်သည်။ တိုင်းရင်းသားယဉ်ကျေးမှုကိုလည်း သားစဉ်မြေးဆက်များသို့ လက်ဆင့်ကမ်း ထိန်းသိမ်းသော လူမျိုးတစ်မျိုးလည်း ဖြစ်ပေသည်။

 

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အသီးသီးတို့သည် ရပ်ရွာအတွင်း လူတိုင်း ဝမ်းစာဖူလုံရေးအတွက်လည်းကောင်း၊ ရွာလုံးကျွတ် ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ရပ်ရွာအတွင်း စည်းလုံးညီညွတ်မှု တည်မြဲစေရန်အတွက် လည်းကောင်း၊ ကခုန်သီဆိုကြသော အစဉ်အလာများရှိကြပေသည်။ ချင်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များသည် ပြည်ထောင်စု၏ ရိုးရာအလှပန်းတစ်ပွင့်အဖြစ် တည်ရှိ စိတ်ဝင် စားဖွယ်ကောင်းလှသည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။

 

ကြေးမုံ