ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟားခါး ဇူလိုင် ၇

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ပြည်နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ်များနှင့် အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့ပြတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ကောင်းမွန်ကြောင်း၊ ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသည့်ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများကိုပါမကျန် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ဆက်လက်ကြိုးပမ်းကြရန်လိုကြောင်း၊ ဆေးလက်ကျန်များ သက်တမ်းမကုန်ဆုံးမီ အပြီးအစီး ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကိုလည်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မြို့နယ်များမှ တင်ပြလာသည့် ကိုဗစ်−၁၉ ရောဂါ အသုံးစရိတ်များ ထုတ်ပေးနိုင်ရေး ရှင်းလင်းတင်ပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာရန်နိုင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် ၅-၇-၂၀၂၂ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက်နှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေနှင့် ကိုဗစ်−၁၉ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန် စာရင်းများကိုလည်းကောင်း၊ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းအပ်နှံမှုအပေါ် ကျောင်းသား/ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းမှ ဆွေးနွေးတင်ပြရာတွင် မြို့နယ်များအလိုက် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို VMIS စနစ်တွင် စာရင်းရေးသွင်းရာတွင် ကျောင်းပြင်ပကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံမှုကိုပါ စာရင်းထည့်သွင်းရေးနှင့် စာရင်းရေးသွင်းရာတွင် အားနည်းချက်များ ပြုပြင်၍ မှန်ကန်စွာ ရေးသွင်းရန်လိုအပ်မှု၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးလက်ကျန်များ အချိန်မီ ထိုးနှံပြီးစီးရေးအတွက် ကြပ်မတ်ပေးနေမှုနှင့် လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြည်သူများ သွားလာရန် လွယ်ကူသည့်နေရာတွင် ဆေးထိုးစုရပ်များ ထားရှိရေးနှင့် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တစ်မြို့နယ်ချင်းအလိုက် သုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)