ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟားခါး             ဇွန်        ၁၇

ချင်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁ / ၂၀၂၂ ) ကို ဇွန် ၁၇ ရက်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ အနောက်မြောက်တိုင်း  စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စများကို ဆွေးနွေးသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊  ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ အမှတ်(၃) ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းရုံး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူးရုံးတို့မှာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်က အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)