ခေတ်သစ်စစ်ပွဲဆင်နွှဲနိုင်သည့် တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက် နည်းပညာများနှင့် လိုက်လျောညီထွေပြောင်းလဲနေသည့် စစ်မဟာဗျူဟာ ၊ စစ်နည်းဗျူဟာများကို လေ့လာ

နေပြည်တော် ၂၇  မတ်

 

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ လူငယ်လူရွယ်များရဲ့ နိုင်ငံကာကွယ်ရေးအတွက် စိတ်အားထက်သန်မှုဟာ အလွန်တန်ဖိုးရှိတဲ့ တိုင်းပြည်ရဲ့အားပဲ ဖြစ်တယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတာ မမေ့ကြဖို့ ပြောလိုတယ်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားသည်။

၂ဝ၁၇ ခုနှစ် (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်းကြီး၌ ကျင်းပစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ယနေ့ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို လေ့လာကြည့်လျှင် အခြေခံအားဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး ဖြစ်သည်ကို တွေ့နိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်နိုင်ငံများကိုကြည့်လျှင် နိုင်ငံရေး၊ လူမျိုးရေးအမြင်ကျဉ်းမှု နှင့် လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်းရောက်မှုများကြောင့် လက်နက်စွဲကိုင်နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ကြရာတွင်လည်း မိမိတို့ တပ်မတော်အနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း။

ယနေ့ခေတ်သည် သိပ္ပံနှင့် နည်း ပညာသာမက သတင်းဆက်သွယ်ရေး နည်းပညာ (ICT)များ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် အတွက် စစ်မှုရေးရာများလည်း ပြောင်းလဲ လာကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲများသည် အကန့်အသတ် အတားအဆီးမဲ့ပုံစံဖြင့် အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ ပုံသဏ္ဍာန်မျိုးစုံဖြင့် ပုံဖော် တိုက်ခိုက်လာမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲ အောင်နိုင်ရန်အတွက် သတင်းဆက်သွယ်ရေး နည်းပညာများ၊ အီလက်ထရွန်နစ် နည်းပညာများ၊ စက်မှု နည်းပညာများအဆင့်မီ သင်ကြားတတ်မြောက်ထားရမည်ဖြစ်ကြောင်း၊ နည်းပညာများနှင့် လိုက်လျောညီထွေ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း လေ့လာ နေရမည်ဖြစ်ကြောင်း၊ ၂၁ ရာစု စစ်မြေပြင် တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲကို အောင်မြင် မည်ဖြစ်သည့်အတွက် ၂၁ ရာစု ခေတ်သစ် စစ်ပွဲကို ဆင်နွှဲနိုင်သည့် တပ်မတော် ဖြစ်အောင် ကြိုးစားတည်ဆောက်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “နိုင်ငံတော်ကာကွယ်ရေး ဆောင်ရွက်ရာမှာ စစ်ရေးတစ်ခုတည်းသာမက တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကိုပါ ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလိုကျယ်ပြောတဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် ဆောင်ရွက်ရာမှာ တပ်မတော်တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိတယ်။ နိုင်ငံ ော်ကာကွယ်ရေးမှာ ပြည်တွင်း ပြည်ပ အန္တရာယ်တွေကနေ လုံခြုံအောင် ကာကွယ်ရုံမျှမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားတွေ၊ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြဖို့ တာဝန်ရှိတယ်။ တရားဥပဒေစိုးမိုးရေးမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဥပဒေအရ စောင့်ရှောက်ပေးရပြီး ဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးအားနည်းတဲ့ နေရာမှာ တပ်မတော်က ပါဝင်ကူညီ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်ဟု ပြောကြားခဲ့သည်။

မိမိတို့ တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် ပညာတတ်များ ပေါ်ပေါက်လာရန် ပြည်သူများ၏ ပညာ ရည်မြင့်မားရေးကို ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ အတန်းပညာတတ်မှ အတတ်ပညာတတ်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် လူငယ်များတွင် ဗလငါးတန်ပြည့်စုံပြီး တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံ တော်ကာကွယ်လိုစိတ်များ ဖြစ်ပေါ် အောင်၊ တိုင်းပြည်အတွက် အကျိုးပြု သည့်သူများဖြစ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်သင်တန်း များ ဖွင့်လှစ်ပေးထားသကဲ့သို့ နိုင်ငံတော် ကာကွယ်ရေးအတွက် စိတ်ဝင်စားသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များကိုလည်း တက္ကသိုလ်လေ့ကျင့်ရေး တပ် (UTC) များ ဖွင့်လှစ်ပြီး အခြေခံ စစ်ပညာများ သင်ကြားလေ့ကျင့်ပေးနေကြောင်း။

ပြည်သူလူထု၏ ကုန်ထုတ်လုပ်ငန်း များ၊ ဝင်ငွေရမည့်လုပ်ငန်းများ အောင်မြင်စေရန် ကူညီပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ကုန်ထုတ်လုပ်ငန်းများကို စိတ်ဝင်စားလာစေရန်နှင့် ထုတ်ကုန်များ ဈေးကွက်ဝင်စေရန်လည်း ကူညီပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် ဒေသခံ လူထုအတွက် ထိုလုပ်ငန်းများ အောင်မြင် စေရန် တပ်မတော်က အားပေးကူညီခြင်း ဖြင့် ဒေသဖွံ့ဖြိုးပြီး မြို့ပြသို့ လူစီးဆင်းမှုကို လျော့ကျသက်သာစေမည်ဖြစ်ကြောင်း၊ တစ်ဖက်က ပြည်ပသွားရောက် လုပ်ကိုင်မှုများ လျော့ကျစေပြီး ရပ်ဝေးမြေခြားတွင် မိမိတို့နိုင်ငံသားများ ရင်ဆိုင်ရသည့် အခက်အခဲအကျပ်အတည်းများ ဒဏ်မှ လွတ်မြောက်စေလိမ့်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

၂ဝ၁၇ ခုနှစ် (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကြောင်းများသည် သစ်တပ်စစ်ရေး ပြကွင်း၌ နံနက် ၅ နာရီမှ စတင်ရောက်ရှိ နေရာယူကြသည်။

စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်တင် ဦးဆောင်သည့် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အောင်ဇေယျ နှင့် ဆင်ဖြူရှင်စစ်ကြောင်း အသီးသီးသည် အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းကြီးသို့ ချီတက်လာစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော် အရာရှိကြီးများ၏ ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဒေသခံ ပြည်သူများက စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက်မှ ဂုဏ်ပြု ပန်းကုံးများဖြင့် ကြိုဆိုကြသည်။

(၇၂)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA) တပ်သားဟောင်းကြီး ဦးကျော်ဇံ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ လွှတ်တော်ကော်မတီ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များ၊ စွမ်းရည်ဘွဲ့တံဆိပ်ရရှိသူများ နှင့် အမွေခံများ၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ စစ်နှင့်နယ်ခြားစောင့် ဗဟိုအကြံပေး ကွပ်ကဲရေးအဖွဲ့များ နိုင်ငံခြားစစ်သံရုံး များမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မိခင်နှင့် ကလေစောင့်ရှောက်ရေးအသင်းတို့မှ အဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့်တပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စစ်ရေးပြအခမ်းအနားတွင် စစ်ရေး ပြစစ်ကြောင်းကြီးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မော်တော်ယာဉ်ဖြင့် စစ်ဆေးခြင်း၊ မိန့်ခွန်းနာခံပြီး နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား စစ်ရေးပြမှူးကြီး ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းကြီးများနှင့် ယန္တရား စစ်ကြောင်းများက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်း၊ တစ်ချိန်တည်းတွင် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး)ကိုယ်စားပြု စစ်ရေးပြတပ်စု မှ အရာရှိစစ်သည်များ၊ တပ်မတော် (ရေ) မှ ရေတပ်စစ်ဆင်ရေး အထူးတပ်ဖွဲ့ (Navy SEALs)မှ အရာရှိစစ်သည်များက ရဟတ်ယာဉ်များပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်သို့ဆင်းသက်ကြပြီး စစ်ရေးပြ စစ်ကြောင်းများနှင့်အတူ လိုက်ပါ ချီတက်ခြင်း၊ တပ်မတော်(လေ)မှ ရဟတ်ယာဉ်၊ လေယာဉ်နှင့် တိုက်လေယာဉ်များက သရုပ်ပြပျံသန်းကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်၍ (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆုများပေးအပ်ချီးမြှင့်

ဆုပေးပွဲတွင် စစ်ရေးပြဂုဏ်ပြုဆု၊ အလံကိုင်အဖွဲ့ဂုဏ်ပြုဆု၊ အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးတပ်ခွဲ ဂုဏ်ပြုဆု၊ မြင်းစီးစစ်ရေးပြတပ်စု ဂုဏ်ပြုဆု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ ဂုဏ်ပြုဆု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းဂုဏ်ပြုဆု၊ အလံကိုင်အဖွဲ့ အကောင်းဆုံးဆု၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုများကိုလည်းကောင်း၊ အကောင်းဆုံးစခန်း ပထမ၊ ဒုတိယ၊ တတိယဆု၊ စစ်ချီသီချင်း အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု၊ စစ်စည်းကမ်း အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု၊ စစ်ရေးပြအကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု၊ စံပြတပ်ခွဲ ပထမ၊ ဒုတိယ၊ တတိယဆုများကိလည်းကောင်း ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၇၂) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထု စာမူဆုရရှိသူ စာပေပညာရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

လက်ဆောင်ပစ္စည်းများ ပေးအပ်

မွန်းလွဲပိုင်းတွင် (၇၂) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသား စုများက နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ဂါရဝပြု ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ညပိုင်းတွင် (၇၂) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)