ခြေဗလာကောလိပ်၏ မြင့်မြတ်သောလုပ်ဆောင်ချက်များ

၂၂ မေ

 

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စိတ်ကူးအကြံဉာဏ်နှင့် သန္နိဋ္ဌာန်က လူ့အဖွဲ့အစည်းကို ပြောင်းလဲစေသည်မှာ သမိုင်းအထင်အရှားရှိပြီး ဖြစ်ပါသည်။ခြေဗလာကောလိပ် (Barefoot College )ဟု လူသိများသော The Social Work and Research Centre (SWRC)ကို ဘန်ကာရွိုင်း Bankar Roy ဆိုသူပုဂ္ဂိုလ်က ၁၉၇၂ ခုနှစ်၌ ထူထောင်ခဲ့ပါသည်။ ခြေဗလာကောလိပ်၏ ပထမဦးဆုံးသောလုပ်ငန်းသည် မိုးခေါင်ရေရှားဒေသတွင် ရေရရှိရေးဖြစ်သော်လည်း နောက်ပိုင်း၌ ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အရှည်သဖြင့် စွမ်းဆောင်နိုင်မှုအပေါ် အာရုံစိုက်လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ ဥပမာအားဖြင့် ကျေးလက် ရေမော်တာတို့ကို ကျေးလက်ပြည်သူများ ကိုယ်တိုင်လည်ပတ်ထိန်းသိမ်းနိုင်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးကို ကျေးလက်ပြည်သူတို့ကိုယ်တိုင် တပ်ဆင်ထိန်းသိမ်းနိုင်ရေးကဲ့သို့သော သင်တန်းမျိုးကို ခြေဗလာကောလိပ်က အထူးသင်ကြားပို့ချပေးပါသည်။ ထို့အပြင်စာမတတ်သူ စာတတ်မြောက်ရေးနှင့် ကျောင်းထွက် လိုက်ရသူများပညာသင်ကြားနိုင်ရေးအတွက် ညကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။

 

ခြေဗလာကောလိပ်၏ သင်ကြားရေးလုပ်ငန်းစဉ်တို့အပေါ် အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမ ဂန္ဒီ၏ “ကျေးရွာတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေး”ဟူသော အတွေးအခေါ်က လွှမ်းမိုး နေပါသည်။ ခြေဗလာကောလိပ်သည် ဆင်းရဲချို့တဲ့ဆုံးသောကျေးရွာတို့မှ ကျောင်းသားတို့ကို ရွေးချယ်ခေါ်ယူ၍ အထက်၌ ဥပမာပေးထားသည့် ရေမော်တာနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးကဲ့သို့သော ကျေးလက်လူထု၏ နေ့စဉ်လိုအပ်ချက်များကို ကျေးရွာလူထု ကိုယ်တိုင်တပ်ဆင်၊ လည်ပတ်၊ ထိန်းသိမ်းနိုင်ရေး တို့ကို အဓိကထား သင်ကြားလေ့ကျင့်ပေးပါသည်။ ခြေဗလာကောလိပ်သို့ တက်ရောက်သင်ကြားခွင့် ရသူအများစုသည် ကျေးလက်အမျိုးသမီးများ ဖြစ်ပါသည်။ သင်တန်းသား သင်တန်းသူများသည် သက်ဆိုင်ရာ သင်တန်းတို့ကို ကိုယ်တိုင်တပ်ဆင်လည်ပတ် ထိန်းသိမ်းနိုင်သည်အထိ ခြောက်လကြာ တက်ရောက်သင်ကြား ရပါသည်။

 

ခြေဗလာကောလိပ်၏ အကျယ်အဝန်းသည် ရှစ်ဧကရှိပြီး အဆိုပါခြေဗလာကောလိပ်၌ သဘာဝ မိုးရေတို့ကို ခံယူစုစည်းသော စနစ်လည်းပါဝင်ပါသည်။ ခြေဗလာကောလိပ်၏ ကျောင်းဆောင်တို့သည်လည်း ကျေးလက်သူ ကျေးလက်သားတို့ သက်သောင့်သက်သာ ပညာသင်ကြားနိုင်သော သာမန်ရိုးစင်းသည့် အဆောက်အအုံများသာ ဖြစ်ပါသည်။ခြေဗလာ ကောလိပ်သည် အမျိုးသမီးတို့ကို ဦးစားပေးရွေးချယ် သင်ကြားပေးသောကြောင့် အစဉ်အလာအရ အမျိုးသားများသာ လုပ်လေ့ရှိသော အလုပ်တို့ကို အမျိုးသမီးများ ပါ လုပ်နိုင်စွမ်းရှိလာ၍ ကျား၊ မတန်းတူရေးကို မြှင့်တင်ဖော်ဆောင်ပေးပါသည်။ ခြေဗလာကောလိပ်၏ ဦးတည်ချက်သည်ကျေးရွာသူ ကျေးရွာသားတို့၏ ဆင်းရဲနွမ်းပါးမှုနှင့် အခွင့်အလမ်းမမျှတမှုတို့ကို ကူညီဖြေရှင်း ပေးရေး သက်သက်မဟုတ်၊ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် စွမ်းဆောင်နိုင်ရေး ဖြစ်ပါသည်။

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ကျေးရွာတို့မှ အမျိုးသမီးငါးဦးသည် ၂၀၁၇ ခုနှစ်၌ နေရောင်ခြည်စွမ်းအင် နည်းပညာသင်ယူရန် ခြေဗလာကောလိပ်သို့ တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ဤကဲ့သို့ တက်ရောက်ခွင့်ရရှိခဲ့သည်မှာ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဒိန်းမတ်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုတို့ အပါအဝင် စွမ်းအင်နှင့်သဘာဝပတ်ဝန်းကျင် မိတ်ဖက်အဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့တို့၏ ပူးပေါင်းပံ့ပိုး ဆောင်ရွက်မှု တို့ကြောင့် ဖြစ်ပါသည်။ယခုအခါ အဆိုပါ အမျိုးသမီးငါးဦးသည် မိမိတို့ကျေးရွာဝန်းကျင်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါသည်။ ဤကဲ့သို့သော မင်္ဂလာရှိသည့် အခွင့်အလမ်းတို့ကို ဖန်တီးပေးခဲ့သော ခြေဗလာကောလိပ်အပါအဝင် အရပ်ဘက်အဖွဲ့အစည်း များနှင့် ရဲရဲဝင့်ဝင့်တက်ရောက်သင်ကြားခဲ့သည့် အမျိုးသမီးတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။