ချောင်းဦးမြို့နယ်၌ ဆောင်းသီးနှံပဲမျိုးစုံ ဧက ၄၀၀၀၀ ကျော်စိုက်ပျိုးရန်လျာထား

ချောင်းဦး အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပြည်ပပို့ကုန် ပဲမျိုးစုံကို ၄၀၆၁၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ပဲမျိုးစုံစိုက်ပျိုးရာတွင် ကုလားပဲသီးနှံသည် အများဆုံးဖြစ်ပြီး ဧကသုံးသောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်၍ တောင်သူများအား မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ကုလားပဲသီးနှံ အထွက်နှုန်းတိုးတက်မြင့်မားရေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ်သက်သာပြီး အမြတ်အစွန်းပိုမိုရရှိစေရန် တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်သည့် ရွက်ဖြန်းအားဆေး၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပဲမျိုးစုံစိုက်ပျိုးချိန်တွင် ထရိုင်ဂိုဒါးမါး အကျိုးပြုမှိုများ ထည့်သွင်း သုံးစွဲစေရေး စည်းရုံးပညာပေးခြင်းလုပ်ငန်းများကို အကျိုးဆောင်တောင်သူများအား ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်မှာယူထားပြီးဖြစ်ကြောင်း မကျီးခွကျေးရွာ ကုလားပဲ စိုက်ပျိုးမည့် တောင်သူတစ်ဦးထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)