ချစ်ကြည်ရင်းနှီးမှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်

၈   ဒီဇင်ဘာ

 

မြန်မာနိုင်ငံသည် အင်အားကြီးအိမ်နီးချင်း တရုတ်၊ အိန္ဒိယနှစ်နိုင်ငံ အကြားတွင် ရပ်တည်နေပြီး ထိုနိုင်ငံကြီးနှစ်နိုင်ငံနှင့် အစဉ်အလာမပျက် ဆက်ဆံကာ နိုင်ငံသားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေးကို ဖော်ဆောင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံနှင့် တည်ငြိမ်အေးချမ်းစွာ၊ နှစ်နိုင်ငံပြည်သူများ ရင်းနှီးချစ်ကြည်စွာဖြင့် ဆက်ဆံနေထိုင်လျက်ရှိသည်။

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံခေါင်းဆောင်များသည် အစိုးရအဆက်ဆက် အပြန်အလှန် လည်ပတ်ဆက်ဆံခဲ့ကြသည်။ အရပ်သား အစိုးရသစ်လက်ထက်တွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် ထိတွေ့ဆက်ဆံမှုရှိခဲ့သည်။ ထိုကဲ့သို့ အိန္ဒိယနှင့် မြန်မာသမိုင်းကြောင်း အစဉ်အလာအရ နှစ်နိုင်ငံခေါင်းဆောင်များ၊ ပြည်သူများ ထိတွေ့ဆက်ဆံမှုနှင့်အတူ နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲရေးကို ဦးစားပေးပြီး စီးပွားရေး၊ ကုန်သွယ်ရေး အပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးရေးကို ယခင်ထက် တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုအပိုင်းတွင် အခွင့်အလမ်းကောင်းများစွာရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ထွက်သည့် ပဲအမျိုးမျိုးမှာ အိန္ဒိယဈေးကွက်အတွက် အကြိုက်ဆုံးဖြစ်သည်။ ကုန်သွယ်မှု နှင့်ဆက်ဆံမှု၌ အရေးပါသည့် လမ်းပန်းဆက်သွယ်ရေးတွင် နှစ်နိုင်ငံအကြား ဆက်သွယ်ထားသည့် လမ်းများအား ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် နယ်စပ်ကုန်သွယ်ရေးမှာ ပိုမိုမြင့်တက်လာနိုင်သည်။

 

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများတွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ ထွန်းသစ်စနိုင်ငံငယ်အပေါ် နားလည်စာနာမှုရှိသည်။ မြန်မာသည်လည်း အိန္ဒိယ၏ အတွေ့အကြုံများကို သင်ခန်းစာ ယူနိုင်သည်။ အိန္ဒိယသည် အရှေ့မျှော်မူဝါဒကို ချမှတ်ထားရာ မြန်မာသည် ပေါင်းကူးတံတားအဖြစ် တည်ရှိသည်။ အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံ၌ စစ်တွေရေနက်ဆိပ်ကမ်းပါဝင်သော ကုလားတန်မြစ်စီမံကိန်းကို ရခိုင်ပြည်နယ်တွင် ပူးတွဲ ဖော်ဆောင်နေသည်။

 

လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုကို အားပေးမြှင့်တင်ဖော်ဆောင်နေရာ ၂၀၁၆ ခုနှစ်အတွင်း မြန်မာ-အိန္ဒိယ အပြန်အလှန်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင်ခန့်ရှိသည်။ မိုရေး-တမူး နယ်စပ်ကုန်သွယ်ရေးကို ပိုမိုကောင်းမွန်သည့်စနစ်များ၊ ဝန်ဆောင်မှုများဖြင့် ဖော်ဆောင်နိုင်လျှင် တိုးတက်မှုရလဒ် များစွာ ဖြစ်ထွန်းလာမည်။ လက်ရှိတွင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ၁၁ ခုမြောက် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ အဆင့်ရှိသည်။ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုရှိသော်လည်း အခြားကဏ္ဍများတွင် အားနည်းနေသေးသည်။ ကုလားတန်မြစ် စီမံကိန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် အိန္ဒိယ၏ အာသံ၊ မဏိပူရ၊ ထရီပူရ၊ နာဂလန်း စသည့် မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ ရေလမ်းမှတစ်ဆင့် အလွယ်တကူ ဆက်သွယ်သွားလာ ပို့ဆောင်နိုင်အောင် အဓိကရည်ရွယ်ထားခြင်း ဖြစ်သည်။

 

သို့ဖြစ်ရာ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရှည်လျားသော သမိုင်းကြောင်း အစဉ်အလာကောင်းများ အပေါ်တွင် နှစ်ပေါင်းထောင်ချီ ရပ်တည်နေထိုင်ခဲ့ကြရာ နှစ်နိုင်ငံခေါင်းဆောင်များ၊ နှစ်နိုင်ငံပြည်သူများ ရင်းနှီးချစ်ကြည် ထိတွေ့ဆက်ဆံမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးရေး၊ တိုးတက်မြင့်မားရေးကို ပိုမို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ