ချစ်ကြည်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားရှိ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးပိုမိုတိုးမြှင့် ခိုင်မာလာသည်ကို အိန္ဒိယနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီဆာဗီးတာ ကိုဗင့်ဒ်တို့၏ ချစ်ကြည်ရေး ခရီးစဉ်က ဖော်ပြနေပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ သမ္မတနှင့် ဇနီးတို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၁၀-၁၄ ဒီဇင်ဘာ ၂၀၁၈ အတွင်း လာရောက်လည်ပတ်ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေ၊း ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးအတွက် အကျိုးကျေးဇူး ရှိကြမည့် အစီအစဉ်များ၊ လုပ်ငန်းဆောင်တာများ၊ အကူအညီ အထောက်အပံ့များဆိုင်ရာတို့ကို ဆွေးနွေးတိုင်ပင်ကြရန် ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသမ္မတနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတတို့ ဆွေးနွေးကြပြီးနောက် အိန္ဒိယနိုင်ငံ သမ္မတသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေး တိုင်ပင်ခဲ့ပါသည်။

ယခုအခါသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလ၊ ပြန်လည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရှိန်ယူအားထုတ်ရသည့် ကာလဖြစ်၏။ ထို့အတွက် အိမ်နီးချင်းနိုင်ငံတို့အကြား ပိုမိုရင်းနှီးပွင့်လင်းသည့် ဆက်ဆံရေး၊ ပိုမိုနွေးထွေးကူညီသည့် ဆက်ဆံရေးတို့ လိုအပ်သည် ဟုလည်း ရှုမြင်ပါသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်မှာ သမိုင်းနှင့်ချီကာ ကြာညောင်းခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့သော ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ် သွားလာနိုင်ကြရေးကို စတင်နေပြီ ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသားများသည် ယခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ ဗီဇာကင်းလွတ်စနစ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်နိုင်ပြီ ဖြစ်ပါသည်။

ဤသို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံကြခြင်းဖြင့် ပြည်သူချင်း နားလည်မှုရင်းနှီးချစ်ကြည်မှု ပိုမိုမြင့်မားခိုင်မာလာမည်ဟု ယုံကြည်ပါသည်။

အိန္ဒိယနိုင်ငံသမ္မတနှင့် မြန်မာနိုင်ငံခေါင်းဆောင်များ ယခုလို ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ကြရင်း နှစ်နိုင်ငံအကြား တရားရေးနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်၏။

ထို့အတူ နိုင်ငံတွင်း သဘာဝရင်းမြစ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတို့နှင့် ပတ်သက်၍ အရေးကြီးသော လုပ်ငန်းရပ်များအဖြစ် ကျွန်းသစ် မှောင်ခိုရောင်းဝယ်မှု၊ ကျားနှင့် အခြားတောရိုင်းတိရ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးတို့ကိုလည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် လှူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာတို့နှင့် ပတ်သက်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများ ကယ်ဆယ်ရေး ပြန်လည်ပြုစုပျိုးထောင်ရေး၊ နေရပ်ပြန်ပို့ရေး၊ အသိုက်အဝန်းအတွင်း ပြန်လည်ပေါင်းစည်းနေနိုင်ရေးစသည့် နားလည်မှုစာချွန်လွှာများကို လည်းကောင်း လက်မှတ်ရေးထိုး သဘောတူကြရန် မဝေးတော့ဟု သိရပါသည်။

အခြားသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ် မြို့ပြအမွေအနှစ်များဆိုင်ရာကဏ္ဍ၊ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းရပ်များဆိုင်ရာ ကဏ္ဍ အစရှိသည့် ကဏ္ဍတို့အတွက်လည်း ဆက်လက်တိုးမြှင့်သွားနိုင်ရန် နည်းပညာပိုင်း အကူအညီများ အပါအဝင် ထောက်ပံ့အားပေးမှု အမျိုးမျိုးပေးအပ်ရန်လည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ဤသို့ဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့ကဲ့သို့သော စီးပွားရေး ကဏ္ဍများသာမက နှစ်နိုင်ငံလုံခြုံရေးအတူ တိုးတက်ဖွံ့ဖြိုးနိုင်ကြရေးတို့ အပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး ပန်းတိုင်အထိ အတူကြိုးပမ်းဆောင်ရွက် နိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

 

 

မြန်မာ့အလင်း