ကျေးလက်နေပြည်သူများအားထားရာ မြစိမ်းရောင်ဆီမှာ

 

မွန်မွန်

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။

နိုင်ငံတကာဖွံ့ဖြိုးရေးအတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် မိသားစုဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စရပ်များကိုပါ အကောင်အထည်ဖော် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်လာ ခဲ့သည်။

နိုင်ငံအတွင်း ကွင်းဆင်းကောက်ယူခဲ့သော စစ်တမ်းများအရ ကျေးလက်နေဆင်းရဲနွမ်းပါးသူများအတွက် အသက်မွေးဝမ်းကျောင်း နှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးမဲ့ ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေတစ်ရပ် ထူထောင်ပေးရန် လိုအပ်လာကြောင်း တွေ့ရသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ (၈) ပုဒ်မခွဲ (ဃ) အပိုဒ် (၅)ပါ ပြဋ္ဌာန်းချက်အရ ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ချက်များနှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးနိုင်ရန် အတွက်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်တွင်းပြည်ပ ကျွမ်းကျင် ပညာရှင်များ ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှစ၍ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ဖော်ညွှန်းရန်နှင့် နိုင်ငံ တကာတွင် ဆောင်ရွက်နေသော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်အတွက် မျှော်မှန်းလျက် အရင်း မပျောက် မတည်ရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်းစီမံကိန်းဖြစ်သည့် “မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ဒီဇိုင်းရေးဆွဲ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ယခုအခါ မြစိမ်းရောင်ဆိုသည်နှင့် ကျေးလက်နေပြည်သူအများအပြားက သိကြသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင အထည်ဖော်ဆောင်ရွက်ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယူနစ်အရ ကျေးရွာပေါင်း ၁၄၅၀ တွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သော်လည်း အချို့ယူနစ်များမှာ နီးစပ်ရွာကျေးရွာချင်း ပေါင်းစပ်ဆောင်ရွက် သည့်အတွက် အကျိုးပြုကျေးရွာများအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကျေးရွာ ပေါင်း ၁၆၃၄ ရွာ အကျိုးပြုပေးနိုင်ခဲ့သည်။

 မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးသည့်နည်းလမ်းဖြင့် နိုင်ငံတော်ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းကို ကျေးရွာပိုင်၊ အများပိုင် ရန်ပုံငွေအဖြစ် မတည်ပေးခြင်းဖြစ်ရာ အများသဘောတူ ရွေးချယ် ထားသည့် ကျေးရွာကော်မတီမှစီမံခန့်ခွဲပြီး ကျေးရွာလူထုသို့ သက်သာသော အတိုးနှုန်း တစ်လလျှင် ပြား ၅၀ မှ ၁ ကျပ် ပြား ၅၀ နှုန်းဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထုတ်ချေးပေးခြင်းဖြစ်သည်။ ရရှိလာသော အတိုးငွေများကို ကျေးရွာပိုင်ငွေအဖြစ် သတ်မှတ်ကာ ကျေးရွာလူထုအား ထပ်မံထုတ်ချေးခြင်း (သို့မဟုတ်) ကျေးရွာလုပ်ငန်းများတွင် ကျေးရွာသဘောတူညီချက်ဖြင့် သုံးစွဲခြင်း တို့ကို ဆောင်ရွက်နိုင်သည်။

 

မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ခြင်း

 

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို သက်ဆိုင်သူများအားလုံး ပါဝင ၍ အောက်ပါညွှန်းကိန်းများအပေါ်အခြေခံပြီး ကျေးရွာများကို ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ခဲ့သည်-

(၁ )ဆင်းရဲသောကျေးရွာ၊

(၂) စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိသော ကျေးရွာ၊

(၃) တရားဥပဒေစိုးမိုးခြင်း၊

(၄) ကျေးရွာသူ/ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု (ကျေးရွာများမှ စီမံကိန်း ဆောင်ရွက်ရန် လိုလားစွာ တင်ပြတောင်းဆိုမှု)၊

(၅) လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေ လုံခြုံတည်ငြိမ်အေးချမ်းမှု၊

(၆) အိမ်ခြေအနည်းဆုံး ၈၀ နှင့် အထက်ရှိသောကျေးရွာ၊ (အကယ်၍ အိမ်ခြေ ၈၀ အောက်လျော့နည်းပါက အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်းရမည်။)

ရန်ပုံငွေသတ်မှတ်ရာတွင် စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ၏အိမ်ခြေအပေါ်မူတည်ပြီး လေးမျိုးခွဲခြား ထားသည်။ အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ကို ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နှင့်အောက်ကို ကျပ်သိန်း ၁၀၀ နှင့် အိမ်ခြေ ၈၀ အောက်လျော့နည်းသော ကျေးရွာများကို စုစည်း ဆောင်ရွက်၍ ကျပ်သိန်း ၃၀၀ ဖြင့် ရန်ပုံငွေခွဲတမ်း သတ်မှတ်ဆောင်ရွက်သည်။ ရွေးချယ်ထားသည့် မြစိမ်းရောင်ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ရန်ပုံငွေမှ (အရင်းမပျောက်လည်ပတ်ရန်ပုံငွေ)ကို စနစ် တကျ စီမံခန့်ခွဲနိုင်ရန်အတွက် စီမံကိန်းကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောတူဆန္ဒမဲစနစ်ဖြင့် ရွေးချယ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီး ကျေးရွာအမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းရှင်ဖွင့်လှစ်၍ ချေးငွေထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံခြင်း၊ စီမံကိန်း ရန်ပုံငွေ စီမံခန့်ခွဲခြင်းကို ဆောင်ရွက်ရာတွင် အတိုးနှုန်းကို ငွေကျပ် ၁၀၀ အတွက် တစ်လလျှင် ပြား ၅၀ နှုန်းမှ ၁ ကျပ် ပြား ၅၀ နှုန်းအတွင်း ကျေးရွာသူ ကျေးရွာသားများ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ထုတ်ချေး၍ ကျေးရွာအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တိုးပွားစေသည်။

ကျေးလက်နေပြည်သူများလက်ဝယ်သို့ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေများ လျင်မြန်စွာရရှိစေရေး၊ ဘဏ်ငွေထုတ်ကန့်သတ် ခက်နှင့် သွားလာရေးအခက်အခဲများ ပြေလည်စေရေးအတွက်  ချေးငွေကောက်ခံခြင်း၊ ပြန်လည်ထုတ်ချေးခြင်းများကို ကျေးရွာအဆင့်၌ မြစိမ်းရောင်စီမံကိန်းလက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြစိမ်းရောင်စီမံကိန်းကျေးရွာများ

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ကျေးရွာ ၅၂၈၃ ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၆၁၆ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၀၂၂ ရွာ၊ ၂၀၁၈ ခုနှစ် ခြောက်လ ဘတ်ဂျက် (ဧပြီလမှ စက်တင်ဘာလအထိ) တွင် ကျေးရွာ ၂၃၅ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၄၅ ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၅၇၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၄၅ ရွာ စုစုပေါင်းကျေးရွာ ၁၂၆၁၆ ရွာကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည်။

 

ဝင်ငွေတိုးလုပ်ငန်းဆောင်ရွက်နိုင်မှု

 

လက်ရှိတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာနေပြည်သူများက စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု ၇၆၃၁၂၉ စု၊ မွေးမြူရေးလုပ်ငန်းဖြင့် ဝင်ငွေ တိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၄၁၅၈၉၀၊ ရေလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၃၅၉၀၆ စု၊ မီးလင်းရေး လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၉၀၊ ကုန် ထုတ်လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု ၁၁၁၇၉၁ စု၊ အရောင်းအဝယ်လုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင် သူ ၁၀၁၉၉ စု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ဝင်ငွေတိုး လုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၄၃၅၂၉ စု၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု ၄၀၁၈ စုဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

စီမံကိန်းအတိုးရငွေဖြင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

 

စီမံကိန်းကာလ သုံးနှစ်ပြည့်မြောက်ပြီး စတုတ္ထနှစ် (သို့မဟုတ်) အတိုးရငွေ စုစုပေါင်း ကျပ် ၁၀ သန်းနှင့်အထက် ရရှိလျှင် အတိုးရငွေ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ထုတ်ချေးပြီး ကျန် ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။ ပြည်နယ်/တိုင်းဒေသကြီး ၁၇ ခုတို့တွင် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် (၁၂/၂၀၂၃) လအထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှာ လမ်းတံတားလုပ်ငန်း ဆောင်ရွက်မှု ၂၅၂၆ ခု၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်မှု ၃၅၀၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု ၁၀၆၈ ခု၊ ပညာရေးလုပ်ငန်း များ ဆောင်ရွက်မှု ၁၅၃ ခု၊ စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နိုင်မှု ၁၃ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှစ်ခု၊ ကျေးရွာခန်းမဆောင် ဖွင့်လှစ်နိုင်မှု ၁၅၇ ခုနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု ၃၀၈ ခု ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ပြည်သူလူထုက ထည့်ဝင်သည့်ငွေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ ပြည်သူလူထုသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ယုံကြည်သည့် အပြင် မိမိတို့ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အသိစိတ်၊ တာဝန်သိစိတ်ကို ဖော်ထုတ် ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် ကျေးရွာလူထု၏ စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်း ကျကျ စုပေါင်းညှိနှိုင်းဆောင်ရွက် တတ်လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်းပင်ဖြစ်သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ အိမ်ထောင်စုပေါင်းများစွာကို အကျိုးပြုလျက်ရှိပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ အကြွေးဝန်ထုပ်ဝန်ပိုး လျော့ကျလာခြင်း၊ တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာ ခြင်း၊ အသိဉာဏ်နှင့် ဗဟုသုတများတိုးပွားလာခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှုမြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ ထို့ပြင်ပြည်သူများသည်လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ “ကျေးရွာစိတ်ဓာတ် ဆောင်ပုဒ်ပါအတိုင်း “တို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တို့အားလုံးတွင် တာဝန်ရှိသည်၊ စည်းလုံးညီညွတ်ပါ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပါ၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ် မွေးမြူပါ၊ မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်မွေးမြူပါ၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပါ၊ အကျိုးရှိစွာ အသုံးပြုပါ ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များ ပြည့်ဝသည့် ကျေးရွာသူ ကျေးရွာသားများ ဖြစ်လာကြသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုး ပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ခြင်း၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေခြင်းနှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။