ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ

သာယာဝတီ ၂ ဇူလိုင်


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် လက်ပံတုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မူမူခင်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ  ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းတွင် ပို့ချသင်ကြားပေးမည့် အခြေခံစက်ချုပ်နည်းပညာရပ်များကို သင်တန်းသားများ အနေဖြင့် ဂရုတစိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အမျိုးသမီးများအတွက် အိမ်တွင်းမှု ဝင်ငွေတိုးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသင်ကြားပေးမည့် အခြေခံစက်ချုပ် နည်းပညာများကို သင်တန်းပြီးဆုံးပါက မိမိရပ်ရွာတွင် အကျိုးရှိရှိ လက်တွေ့အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူ တစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းအတွက် အသုံးပြုမည့် အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းသို့ သင်တန်းသူ ၂၅ ဦး တက်ရောက်ကြပြီး သင်တန်းအား ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ အမျိုးသားဝတ် တီရှပ် လက်တိုလက်ရှည် ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စိအင်္ကျီအမျိုးမျိုး ချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည် ချုပ်နည်းများကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  


ငြိမ်းသူ