ကျေးဇူးဆပ်ခြင်းဖြင့် ကောင်းကျိုးများကိုယူ

နေပြည်တော် ၂၄ အောက်တိုဘာ

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာနေ့ဖြစ်သော ဤသီတင်းကျွတ် လပြည့်နေ့သည် အလွန်ထူးမြတ်သော နေ့တစ်နေ့ဖြစ်ပါသည်။ ထိုနေ့ထိုရက်တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကောင်းမှုကုသိုလ်ထူးများ ပြုလုပ်ကြသည်။ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မိဘဆရာသမား၊ သက်ကြီးဝါကြီးများအား ကျေးဇူးသိသောအားဖြင့် ပူဇော် ကန်တော့ခြင်းတို့ကို ပြုလုပ်ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် သတ္တမမြောက်ဝါကပ်စဉ် မယ်တော်မိနတ်သား (သန္တုသိတနတ်သား) အား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့သည်။ မယ်တော်မိနတ်သားသည် ဗုဒ္ဓဘုရားရှင်၏ မယ်တော်မာယာဖြစ်ပြီး ဘုရားရှင်အား ဖွားမြင်ပြီးနောက် စုတေရာမှ တာဝတိံသာနတ်ပြည်တွင် နတ်ဖြစ်လေသည်။ မြတ်စွာဘုရားရှင်သည် ကျေးဇူးတကာတို့တွင် အမြတ်ဆုံးဖြစ်သောတရားတော်ဖြင့် ဤကာလတွင် မယ်တော်ကိုကျေးဇူးဆပ်ခဲ့သည်။

မယ်တော်အား တရားဖြင့် ကျေးဇူးဆပ်သော အကျိုးအားကြောင့် သန္တုသိတနတ်သားအပါအဝင် ကုဋေပေါင်း ရှစ်သောင်းလေးထောင်သောနတ်တို့ အကျွတ်တရားရကြပြီးလျှင် မြတ်စွာဘုရားရှင်သည် ဤသီတင်းကျွတ် လပြည့်နေ့အခါသမယတွင် ပတ္တမြားစောင်းတန်းမှကြွချီကာ လူ့ပြည်သို့ဆင်းသက်ခဲ့သည်။ ဤသည်ကို ရဟန်းရှင်လူ ပြည်သူအပေါင်းက ဆီမီးတန်ဆောင်များ၊ အမွှေးနံ့သာများဖြင့် သောင်းသောင်းဖြဖြပူဇော်၍ မြတ်စွာဘုရားရှင်အား ကြိုဆိုခဲ့သည့် ကောင်းမြတ်သောအစဉ်အလာမှာ ယနေ့ထက်တိုင်ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ကျေးဇူးဆပ်ထိုက်သော မယ်တော်ကို အမွန်မြတ်ဆုံး၊ အကြီးမြတ်ဆုံးဖြစ်သော အဘိဓမ္မာတရားဖြင့် ကျေးဇူးဆပ်ခဲ့သည်။ နတ်ဗြဟ္မာအပေါင်းတို့ အပြီးတိုင်ချမ်းသာလမ်းသို့ ကျွတ်တမ်းဝင်ခဲ့သည့် အကျိုးတရားများ ရခဲ့သည်။ တရားဖြင့်ဆပ်သော ကျေးဇူးတရားမှာ ကြီးမားလှသည်။ အပြစ်မကင်းစဉ်သည့် ပုထုဇဉ်လူသားများအနေဖြင့် ကျေးဇူးတရားဆိုင်ရာတို့ကို ပို၍ပင်မမေ့အပ်ချေ။ ဆုတ်ကပ်ကာလတွင် ကျေးဇူးဆပ်ရန်ထက် မိမိတို့၏ ပြစ်မှားမိသောအပြစ်များမှာ များပြားလှသည်။ ပြစ်မှားမိသောအပြစ်များ လျော့ပါးနိုင်သလောက် လျော့ပါးစေရန်အတွက် ဤနေ့ဤကာလတွင် ဝန်ချတောင်းပန် ကန်တော့ခြင်းအမှုကို ပြုကြရမည်ဖြစ်သည်။

ရဟန်းသံဃာများနှင့် လူအများတို့အနေဖြင့် အပြစ်ရှိသည်များကို ကျေပျောက်စေရန် ထေရ်ကြီးဝါကြီးများနှင့် လူကြီးသူမများထံမှ ဆုံးမစကား နားထောင်ရန် ပြုလုပ်တတ်သည့် ပဝါရဏာပွဲတော်ကို မွန်မြတ်လှသော ဤသီတင်းကျွတ် လပြည့်အချိန်အခါသမယ၌ ရှေးအစဉ်အဆက် လမ်းမှန် ညွှန်ပြချထားပေးခဲ့ပြီးဖြစ်သည်။ ယင်းဓလေ့ကို အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြသည်။ မြန်မာလူမျိုးများ၏ ကျက်သရေမင်္ဂလာရှိသော ကောင်းသော အလေ့အထအမှုများပင်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်သူပြည်သားများအဖို့ ကျေးဇူးဆပ်ထိုက်သူများအား မဖြစ်မနေ ကျေးဇူး ဆပ်ကြရမည်ဖြစ်သည်။ ဝန်ချတောင်းပန် ကန်တော့ခြင်းအမှုကိုလည်း ပြုသင့်သည်။ ခေတ်ကာလအခြေအနေအရ ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားမိသည်များလည်း ရှိမည်။ မိမိတို့သည် ယခုပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌ လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ခင်ပွန်းကြီး ၁၀ ပါးအား ပြစ်မှားမိပါက မည်မျှပင်လောကီ လောကုတ္တရာ အလုပ်တို့ကို ကြိုးစားအားထုတ်စေကာမူ အကျိုးပေးတန်သလောက် မပေးနိုင်ချေ။

သို့ဖြစ်ရာ ယခုကဲ့သို့သော သီတင်းကျွတ်ကာလ အချိန်အခါသမယတွင် မိဘဆရာသမား၊ သက်ကြီးဝါကြီးများအား ကာယကံ၊ ဝစီကံ၊ မနောကံတိ ု့ဖြင့် ပြစ်မှားကျူးလွန်ခဲ့မိသည်ရှိသော် ပြေပျောက်ပါစေခြင်းအကျိုးငှာ ဝန်ချ

တောင်းပန် ကန်တော့ကြရမည်ဖြစ်သည်။ ထိုသို့ဝန်ချတောင်းပန် ကန်တော့ ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်အနန္တတို့သည် ကင်းစဉ်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တ ဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ