ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်

ကော့သောင်း ဧပြီ ၁၀ 

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျ ခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်ရှစ်ဦး အပါအဝင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး၆၀၊ စုစုပေါင်း အလုပ်သမား ၁၅၃ ဦးတို့သည် ဧပြီ ၉ ရက်မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှ မြန်မာနိုင်ငံကော့သောင်းမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ တစ်ဆင့် လာရောက်လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိနေခြင်းကြောင့် ပြန်လည်ဝင်ရောက်လာသည့်အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ၊ မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများပါဝင်လာခြင်း ရှိ၊ မရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိ၊ မရှိ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Quarantine Center သုံးခုတွင် အမျိုးသား အမျိုးသမီးသီးခြားစီခွဲခြားထားပြီး ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားသည်။ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းမရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)