ကော့သောင်းမြို့တွင် ဓာတ်အားပေးစက် ပြင်ဆင်ရာမှ မီးလောင်မှုဖြစ်ပွား

ကော့သောင်း၊ ၃၁ မေ

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဗဟိုလမ်းတွင် အိမ်သုံးဓာတ်အားပေးစက် ပြင်ဆင်ရာမှ ဝိုင်ယာရှော့ဖြစ်ကာ မေ ၃၀ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ၊ ဗဟိုလမ်း GMG ကုမ္ပဏီပိုင် နေအိမ်တစ်ဆောင်တွင် အသုံးပြုသည့် ဓာတ်အားပေးစက်အား ပြင်ဆင်ရာမှ ဘက်ထရီမှတစ်ဆင့် ဝိုင်ယာရှော့ဖြစ်၍ မီးစတင်အောင်ကျွမ်းရာ ဓာတ်အားပေးစက်အပါအဝင် ဓာတ်အားပေးစက် အဆောင်အမိုးထုတ်တန်းများ မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားရာသို့ အနီးအနားပြည်သူများက မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားနိုင်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ်(၂၀)ခန့်အကြာတွင် အနီးအနားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိ ငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံး မီးလောင်ပျက်စီးခဲ့ရပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)