ကော့သောင်းမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ စားသောက်ကုန်မျိုးစုံဆိုင်များအား လိုက်လံစစ်ဆေး

ကော့သောင်း ၁၁ ဇူလိုင်


ကော့သောင်းမြို့တွင် တားမြစ်စားသောက်ကုန်များနှင့် သက်တမ်းလွန် အစားအသောက် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာများရှိ အစားအသောက်နှင့်ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် တားမြစ်ဆေးများ၊  ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စား အစားအစာများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ အန္တရာယ်ရှိ အလှကုန် ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ၊   ပြည်တွင်းနှင့်ပြည်ပမှ ထုတ်လုပ်တင်သွင်းရောင်းချသည့်မုန့်မျိုးစုံနှင့် စားသုံးရန်မသင့်သည့် မုန့်များ၊ သက်တမ်းလွန်မုန့်များ ရောင်းချခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ကျခံရမည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးပြောကြားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း အစားအသောက်နှင့် ကုန်မျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 


ကျော်စိုး (ကော့သောင်း)