ကော်ပီဇာတ်ကားတွေ အကယ်ဒမီစာရင်းမဝင်ဘူး ဆိုတဲ့အပေါ် သရုပ်ဆောင်မင်းဦး သုံးသပ်မှု

၃ ဇန်နဝါရီ


အနုပညာလောကတွင် နှစ်ပေါင်းများစွာအောင်မြင်မှုတွေ နှင့်အတူရပ်တည်နေနိုင်ခဲ့ပြီး  ၊ရုပ်သံဇာတ်လမ်းတွဲများလည်းရိုက်ကူးခဲ့ပြီး ၊ကိုယ်တိုင် ဒါရိုက်တာအဖြစ် "ချူစီ " ရုပ်ရှင်ကားကြီးကိုလည်းရိုက်ကူးနေကြောင်း ၊ Myanmar Media 7 နှင့် လည်း ဖေဖေအပြုံး ၊ ဒါရိုက်တာ အောင်မြတ် ရိုက်ကူးပြီး မေမြင့်မိုရ် နှင့် အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားကြောင်း ၊ထပ်မံ ပြီး ဒါရိုက်တာ အောင်မြတ် ရိုက်ကူးသည့် " Let’s Make a Change “ အမည်ရဇာတ်ကားကို မြင့်မြတ် ၊ ရွှေထူး ၊ နန်းဆုဦး ၊ မိုးစက်ဝိုင် ၊နှင်းယမုံ တို့ နှင့် ရိုက်ကူးနေကြောင်းသိရသည် ။ သူ့အနေဖြင့် အနုပညာ အလုပ်တွေဆက်တိုက်လုပ်ကိုင်လာမှု အကြောင်းတွေ နှင့် ပတ်သတ်ပြီး အခုလိုပြောကြားခဲ့သည်။


 

မေး ။ ။ ပရိသတ်ကိုအနုပညာ  ကြိုးစားမှုတွေ အဆက်မပျတ် ချပြဖြစ်နေတယ်နော်

ဖြေ ။ ။   ကိုယ့်ကြိုးစားတာလေးတွေကို ပရိသတ်က ပိုလက်ခံလာတယ်လို့ ယူဆပါတယ်။ ဟိုတုန်းကထက် အခု ပရိ သတ်ပိုလက်ခံတယ်လို့ ယူဆပါတယ်။ ကိုယ့်ကလည်း ဒီထက်ပိုပြီးတော့ ကြိုးစားရဦးမှာပါ။ ပရိသတ်အတွက် အမြဲတမ်း အကောင်းဖြစ်အောင် ကြိုးစားပြီး လုပ်ဖြစ်လာပါတယ်။ ဇာတ်ရုပ်တွေတိုင်းမှာ ပုံစံမတူအောင် ကြိုးစားရတာ အစ်ကိုတို့ သရုပ်ဆောင်တွေရဲ့ တာဝန်ပါပဲ။

 

မေး  ။ ။  ဇာတ်လမ်းကို  ရွေးချယ်ရိုက်ကူးတာမျိုးတွေရော ရှိမလား။

ဖြေ ။ ။   ကိုယ့်တို့ ဒီအသက်အရွယ်ရောက်လာတာ ကိုယ့်တို့ကရွေးချယ်တာ မဟုတ်ဘူး။ကိုယ့်တို့ကို သူ့တို့ပြန်လည်း ရွေးချယ်တာပါ။ကိုမင်းဦးရေ ဒီဇာတ်ဝင်ခန်းနဲ့ လိုက်တယ်၊ လုပ်ပေးပါဦးဆိုတာမျိုး ဖြစ်လာတာပါ။ အဲဒီအပေါ်မှာ ကိုယ့်က ဘယ်လိုအကောင်းဆုံး ဖြစ်အောင်လုပ်မလဲ။ ငါ ဒီဇာတ်လမ်းကို လက်ခံလို့ဖြစ်မလား။ ကိုယ့်ကိုတိုင်ရော လုပ်ချင်ရဲ့လား။ အဲဒီအပေါ်မှာ အစ်ကိုပြန်ပြီးရွေးချယ်တာပါ။ အဓိကတော့ ကိုယ်တို့ကို ရွေးချယ်လာကြတာပါ။ 

 

မေး - လက်ရှိရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကရော ။

ဖြေ ။  ။ MRTV - 4 အတွက် ကြမ္မာနွံ ဇာတ်လမ်းတွဲလေ ရိုက်ထားခဲ့ပါတယ်။ အဓိကပေါ့ ။ ၁၉၅၀ ခုနှစ်က ပုံစံ လေးတွေ ရိုက်ထားတယ်။ ပြင်ဦးလွင်မြို့မှာ သွားရောက် ရိုက်ကူးထားတယ်။ ရှေးတုန်းခေတ်က ကားတွေ ၊ ကက်ဆက်တွေက အသေအချာလည်း လုပ်ထားပါတယ်။

mdn

 

မေး - အစ်ကိုအနေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်တာက 

 ဖြေ ။ ။    ကျွန်တော် က နဂိုကတည်း ဇာတ်လမ်းတွဲတွေကို ကြိုက်တယ်။ကိုယ်တိုင်လည်း ဇာတ်လမ်းတွဲတွေ ကြည့်ခဲ့တယ်။ ဇာတ်လမ်းတွဲက ကာရိုက်တာတစ်ခုကို ကောင်းကောင်းပုံဖော်လို့ရတယ်။ အချိန်ပေးရတဲ့အတွက်လေ။ ကိုယ့် လုပ်ရမယ့် ကာရိုက်တာကို အကောင်းဆုံး ပုံဖော်နိုင်တယ်။ ဥပမာ - အမုန်းမှသည် ကိုယ့် ကာရိုက်တာကို ကောင်းကောင်းဖော်ပြနိုင်ခဲ့တယ်။ရုပ်ရှင်လို  မဟုတ်ဘူး။ အကြာကြီး ဒီလူကဘယ်လိုသွားတယ်၊ ဘယ်လိုပုံစံ စရိုက်ရှိတယ်။ ကိုယ့်အိုက်တင်ကိုလည်း လုပ်ခွင့်ပို့ရတယ်။ အဲဒီအတွက် ကြိုက်ပါတယ်။

 

မေး - ၂၀၁၇ အကယ်ဒမီ ရွေးချယ်ပွဲလည်း နီးလာပြီ ၊ ဆိုတော့ ဇာတ်ကားတွေကို ရွေးချယ်မှုအပေါ် အစ်ကိုအမြင် နဲ့ သုံးသပ်မှုလေး ပြောပြပါလား

ဖြေ ။ ။    ကျွန်တော်တို့ အနုပညာသမားတွေ ဗီဒီယိုဈေးကွက်မကောင်းတော့ ရုပ်ရှင်ရိုက်ကူးမှုတွေ များလာတယ်။ ဒီ ဇာတ်ကားပေါင်း ၇၀ (သို့) ၈၀ ကို အပြိုင်အဆိုင်ရွေးချယ်ရတာဖြစ်လို့ ။ တကယ်လို့ အခုချိန်မှာ အကယ်ဒမီရတဲ့ သူကလည်း ဘယ်လောက်တန်ဖိုး ရှိလိုက်မလဲ။ တကယ်လို့ ရိုက်ကူးမှုနည်းပြီးတော့ ဇာတ်ကား ၁၄ ကား ၊၁၅ ကားပဲ ရှိမယ်။  ဒီအထဲက ဟာသကားက ၁၀ကားရှိလို့ ကျန်တဲ့ ၃ ကားထဲက ရွေးချယ်ရင် စဉ်းစားသာ ကြည့် ပေတော့။ စိတ်ဝင်စားမှုလည်း နည်းသွားမယ်။ ဇာတ်ကားတွေက ကား ၆၀ လောက်ဖြစ်လာရင် ဒီမင်း သမီး လည်း ဖြစ်နိုင်တယ်၊ ဟိုမင်းသမီးလည်း ဖြစ်နိုင်တယ်။မင်းသားလည်း ဒီလိုပဲ။ ပရိသတ်လည်း စိတ်ဝင်စားလာ မယ်။ ရင်ခုန်စရာလည်း ပိုကောင်းလာမယ်။ဒါကတော့ တိုးတက်လာတာပါပဲ။

 

မေး -  ကော်ပီရုပ်ရှင်ဇာတ်ကားအချိူ့ ကို  အကယ်ဒမီ စာရင်းထဲမထည့်ဘူး ပြောနေကြတယ်နော် 

ဖြေ ။ ။    ဒါကတော့ သူတို့ရဲ့မူဝါဒလေ။ အစ်ကိုတို့က သရုပ်ဆောင်တွေလေ။ ကော်ပီဆိုလည်း သရုပ်ဆောင်ရတာပါပဲ။ ကော်ပီဆိုကလည်း ကိုယ့်တို့ဆီမှမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း ကော်ပီဆိုတာ ရှိပါတယ်။ အကောင်းဆုံး သရုပ်ဆောင်ဆုတာကလည်း ကော်ပီကား မှ ကိုယ်ပိုင်ဇာတ်လမ်းမှ မဟုတ်ပါဘူး။ အကောင်းဆုံးသရုပ်ဆောင် ရွေးတာပဲလေ။ သူ့ဘယ်လိုသရုပ်ဆောင်လဲ ရွေးတာပဲလေ။ အကောင်းဆုံး ဇာတ်လမ်းရွေးတာမှ မဟုတ်တာ။ အကောင်းဆုံး ဇာတ်လမ်းရွေးရင်တော့ တမျိုးပေါ့။ အကောင်းဆုံး သရုပ်ဆောင်ကတော့ ကိုယ့်အနေနဲ့ အဲလိုမ ဖြစ်စေချင်ပါဘူး။ဒါကတော့ ကိုယ့်အမြင်ပါ။ ကွဲလွဲခွင့်လည်း ရှိပါတယ်။

 

ကိုလင်း