ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်

နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့် ဒေသထွက်ကုန်ပစ္စည်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသကို ကော်ဖီဒေသဖြစ်စေရေးအတွက် ယခင်ကတည်းကပင် ကော်ဖီလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမြေနေရာများ ဖော်ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ကော်ဖီလုပ်ငန်းလုပ်ဆောင်ရန် မြေနေရာရယူထားသူများအနက် အမှန်တကယ်အင်ပြည့်အားပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသူများကိုလည်း စိစစ်ဖော်ထုတ်သိရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုသကဲ့သို့ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် လိုကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လူတို့၏ နေ့စဉ်ဘဝတွင် စားရေးသည် အရေးကြီးပြီး စားရေးကိုအထောက်အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်မှုများရှိပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့တာဝန်ယူသည့်အချိန်တွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

ပြင်ဦးလွင်ဒေသတွင် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကော်ဖီလုပ်ငန်းကို အားပေးဆောင်ရွက်မှုအားနည်းခဲ့သောကြောင့် မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို အမှန်တကယ်စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ယခုအချိန်တွင် ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြင်ဦးလွင်ဒေသမှ ကော်ဖီလုပ်ငန်းရှင်များကို မကြာခဏတွေ့ဆုံ၍ အားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သောကြောင့် ကော်ဖီလုပ်ငန်းသည် အထိုက်အလျောက် တိုးတက်မှုများဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်သည့်ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို စနစ်တကျဖြင့် ဆောင်ရွက်သွားမှသာလျှင် နောင်လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း ကော်ဖီထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ်အဆက်ဆက် အားပေးခဲ့ခြင်းမရှိသည်ကိုတွေ့ရကြောင်း၊ ထုတ်ကုန်များနည်းပါးခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ နှစ်စဉ်ပြခဲ့ပြီး လောင်စာဆီနှင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ စားသုံးဆီများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်သည်ဖြစ်သော်လည်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် တင်သွင်းနေရခြင်းဖြစ်သဖြင့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်အတွက်လည်း ပြည်ပမှ နှစ်စဉ်တွင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်ပသွင်းကုန်လျှော့ချနိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးရေးထုတ်ကုန် အမြောက်အမြားရှိပြီး ၎င်းတို့ကိုအခြေခံသည့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အောင်မြင်သည့် နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကိုလည်း အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ကော်ဖီသည် ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော်စသည်ဖြင့် နာမည်ခေါ်တွင်ကြသကဲ့သို့ စီးပွားရေးနှင့်ဂုဏ်ယူသင့်သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော် အဖြစ်နာမည်တွင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကော်ဖီထုတ်ကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျှင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်တွေ့ဆုံခြင်းဖြစ်သဖြင့် တက်ရောက်လာကြသူများအနေဖြင့် လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများအား ရှင်းလင်းတင်ပြ

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းများဆောင်ရွက်ခဲ့မှု၊ မြေအသုံးချမှုအခြေအနေအပေါ် ကွင်းဆင်းစစ်ဆေးချက်အရ စိစစ်တွေ့ရှိချက်များ၊ ကော်ဖီလုံးဝစိုက်ပျိုးခြင်းမရှိသည့် မြေနေရာများကို ကော်ဖီလုပ်ကိုင်ခွင့်များရုပ်သိမ်းခဲ့မှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်စေရေး ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့မှု၊ ကော်ဖီစိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် စိုက်ပျိုးမှုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့မြေ ပြင်ပ မြေလွတ်၊ မြေရိုင်းအတွင်း အဆောက်အဦ ပိုမိုအသုံးပြုထားမှုအပေါ် ကွင်းဆင်းစစ်ဆေး၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်းမြေနေရာများတွင် ကော်ဖီစိုက်ပျိုးမှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊  ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီထုတ်လုပ်မှုလုပ်ငန်းအထောက်အကူပြု လုပ်သားလိုအပ်ချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်အလိုက် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများ၊ ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နင်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အဦများဆောက်လုပ်ရာတွင် ကော်ဖီစိုက်ပျိုးထုတ် လုပ်မှုအတွက် လိုအပ်သည့် အဆောက်အဦများကိုသာ ဆောက်လုပ်ရန်လိုပြီး အပန်းဖြေစခန်းနှင့် ကော်ဖီစိုက်ပျိုးခြင်းနှင့် မသက်ဆိုင်သည့် အဆောက်အဦးများ ဆောက်လုပ်ခြင်းမပြုရန်လိုကြောင်း၊ ကော်ဖီများ အထွက်နှုန်းတိုးတက်စေရေးသွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စနစ်တကျပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီပင်စည်ထိုးပိုးများ ကျရောက်မှုမရှိစေရန်အတွက် စုပေါင်းအားဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ အမှန်တကယ်စိုက်ပျိုးနိုင်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပါကြောင်း၊ စိုက်ပျိုးမှုအပေါ်မူတည်၍ ၅ ဧကမှ ဧက ၅၀ အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီများ တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးကောင်းသည့်ပျိုးပင်များ ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

တက်ရောက်လာကြသူများက လိုအပ်ချက်များ အသီးသီးတင်ပြဆွေးနွေး

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များကိုယ်စား ကော်ဖီစိုက်တောင်သူတစ်ဦးက ကော်ဖီစိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဈေးကွက်ရရှိမှုအခြေအနေများ၊ ကော်ဖီခြံများအလိုက် ရောဂါပိုးကာကွယ်မှုများကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများကိုလည်းကောင်း၊ ကော်ဖီကိုအခြေခံသည့် MSME လုပ်ငန်းရှင်တစ်ဦးက ကော်ဖီစီမံကိန်းနယ်မြေတွင် အဆောက်အဦအရွယ်အစားကို သတ်မှတ်မည့်အစား ကော်ဖီစီမံကိန်း စိုက်ပျိုးမြေဧရိယာပေါ်တွင်သာ လုပ်ငန်းအပေါ်မူတည်၍ အဆောက်အဦဧရိယာကို ခွင့်ပြုပေးစေလိုမှု၊ ကော်ဖီစီမံကိန်းအစမှ ဆောင်ရွက်သူများအနေဖြင့် ခြံမြေများကို ဧကများများ ဆောင်ရွက်နိုင်သော်လည်း နောက်ပိုင်းဆောင်ရွက်သူများအနေဖြင့် စိုက်ပျိုးမြေများ တစ်ဆက်စပ်တည်း စိုက်ပျိုးမြေများမရရှိခြင်းကြောင့် အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားလာရလွယ်ကူသည့်နေရာ၌ အဆောက်အဦများကို ဆောက်လုပ်ကြမှုအခြေအနေများကိုလည်းကောင်း၊ ဒေသထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းရှင်တစ်ဦးက ဝိုင်လုပ်ငန်းရှင်များအနေဖြင့် FDA ခွင့်ပြုချက်ရရှိရန် အခက်အခဲများ ကြုံတွေ့နေရမှုနှင့် စည်းကမ်းသတ်မှတ်ချက်များကို လုပ်ငန်းအလိုက် ဖြေလျော့ပေးစေလိုမှုတို့နှင့်ပတ်သက်၍ အသီးသီးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ၌ ထုတ်ပေးထားရှိမှုအခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ကော်ဖီလုပ်ငန်းသည် အစုအဖွဲ့နှင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သဖြင့် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် ကုန်ထုတ် လုပ်ငန်းများတိုးတက်စေရေး အဓိကထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ကြမ်းမှ ကုန်ချောများထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်များရရှိပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်သတ်မှတ်ချက်များမှ ဆောင်ရွက်ခြင်းများကို ခွင့်ပြုပေးထားကြောင်း၊ သို့သော် ပြည်ထောင်စုအဆင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်ပါက တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ရန်လိုပြီး သက်ဆိုင်ရာဝန်ကြီဌာနများအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ရေရှည်အတွက် စေတနာထား၍ ဆောင်ရွက်ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို စည်းကမ်း သတ်မှတ်ချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမှုများကို အမှန်တကယ်ဆောင်ရွက်လိုသူများအတွက် စိုက်ပျိုးမြေများကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး ဖန်တီးပေးရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီစိုက်ပျိုးမှုများ အောင်မြင်တိုးတက်ဖြစ်ထွန်းစေရေးအတွက်ပင်ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းကို ထိခိုက်စေနိုင်မည့် ရောဂါပိုးအန္တရာယ် ကျရောက်မှုများအပါအဝင် အခြားသောစုပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်ဖီသည် နှစ်ရှည် သီးနှံပင်အတွင်း၌ ပါဝင်သည့်အတွက် မျိုးကောင်းမျိုးသန့်များဖြစ်ရန်လိုအပ်ကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ အစုအဖွဲ့နှင့် လုပ်ဆောင်ရသည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်ရမည့်၊ လိုက်နာရမည့်ကိစ္စရပ်များကို အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ကုန်များအရည်အသွေးမြှင့်တင်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အိမ်တွင်းစက်မှု လုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အရည်အသွေးမြှင့်တင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သူများ ဆွေးနွေးညှိနှိုင်း၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ကော်ဖီထုတ်ကုန်များနှင့် ဒေသထွက်စားသောက်ကုန်များအား ကြည့်ရှုအားပေး

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက်ကော်ဖီထုတ်ကုန်များနှင့် ဒေသထွက် စားသောက်ကုန်ပစ္စည်းများကို  စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်