ကော်ဖီအကြောင်း သိကောင်းစရာအဖြာဖြာ

 

ပေါက်ပေါက်

 

ကော်ဖီရာဇဝင်

အီသီယိုပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ကော်ဖီကို ကိုးရာစုခန့်ကတည်းက အစပြု သောက်သုံးလာခဲ့ရာ (၁၆) ရာစုနှစ် ရောက်သောအခါ ကမ္ဘာတစ်ဝန်း၌ “အာရေဗျဝိုင်” ဟု ရေပန်းစားလာခဲ့သည်။ ယနေ့ထိတိုင် ကော်ဖီကို လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံးလျက် ရှိကြသည်။ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အာရေဘီကာ ကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာကော်ဖီစေ့ကို အသုံးပြုမှု နည်းသော်လည်း အခါးဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံး ရပ်တည်လျက်ရှိသည့် ထုတ်ကုန်မှာ ရေနံဖြစ်ပြီး ဒုတိယမြောက်ကုန်သွယ်မှု အများဆုံးထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာ သိရသည်။

 

ကမ္ဘာသုံး အစားအသောက်တစ်မျိုးဖြစ်သော ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင်ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို “International Coffee Day - အပြည်ပြည်ဆိုင်ရာကော်ဖီနေ့” အဖြစ် သတ်မှတ်ထားသည်။ အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့အစည်း၏ သဘောတူညီချက်အရ အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့တွင် ကမ္ဘာ့ပထမဆုံး အပြည်ပြည်ဆိုင်ရာကော်ဖီနေ့ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်၌ စတင်သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ထိုသို့သတ်မှတ်ရခြင်း၏ ရည်ရွယ် ချက်မှာ တရားမျှတသော ကော်ဖီရောင်းဝယ်မှုကို မြှင့်တင်ရန်နှင့် ကော်ဖီစိုက်ပျိုးသူများ၏ အခက်အခဲကို အသိပညာပေးရန်တို့ဖြစ်သည်။

 

International Coffee Day သည် နှစ်စဉ် သက်ဝင်လှုပ်ရှားလျက်ရှိပြီး အချို့သောကုမ္ပဏီများက ကော်ဖီနေ့ နှုတ်ခွန်းဆက်ကတ်များနှင့်အတူ အခမဲ့ e - ကဒ်များ ရောင်းချကြသည်။ ကော်ဖီသည် ကမ္ဘာသုံး အဖျော်ယမကာ ဖြစ်သည့်အားလျော်စွာ မျက်မှောက်ကာလတွင် စီးပွားရေးနယ်ပယ်အသီးသီး၌ ကော်ဖီခွက်ကို အခမဲ့(သို့မဟုတ်) လျှော့စျေးဝန်ဆောင်မှုပေးကြသလို၊ အချို့သော စီးပွားရေးလုပ်ငန်းရှင်များကလည်း ကူပွန်များဖြင့် အထူးစျေးရောင်း မြှင့်တင်ခြင်းများကို လူမှုကွန်ရက်မှတစ်ဆင့် မျှဝေလျက်ရှိသည်။

 

စျေးကွက်ဝင် မြန်မာ့ကော်ဖီ

 

မြန်မာ့ကော်ဖီစျေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကောင်းလာသောကြောင့် ကော်ဖီစေ့တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်ထိ ပေါက်စျေးနှုန်းရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ ယခင်က ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ မှ ၄၅၀၀ ခန့် ပေါက်စျေး ရှိနေသော်လည်း လက်ရှိတွင် ဝယ်လိုအား မြင့်တက်လာသောကြောင့် အမေရိကန်ဒေါ်လာ ၄၅၀၀ မှ ၅၀၀၀ အထိ စျေးရရှိနေခြင်း ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်းနှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာ ဧက ၅၀၀၀ ကျော် သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့ တန်ချိန် ၉၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါကော်ဖီများကို ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အပြင် ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ကော်ဖီစေ့ တန်ချိန် ၅၀၀ နီးပါး တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွက်လည်း အနည်းငယ်စိုက်ပျိုးကြောင်းသိရသည်။

 

နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီ သောက်သုံးသည့် အလေ့အထရှိကြသည်။ မြန်မာနိုင်ငံ၌ စျေးကွက်ဝင်ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိပါသည်။ လက်ရှိ ကော်ဖီစိုက်ဧက သုံးသောင်းကျော် ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့် ဖြစ်လာ သည့် အာရေဘီကာနှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကာ စျေးကွက်အတွင်း နာမည် ရရှိပြီးဖြစ်သည်။

 

ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲတွင် ထုတ်လုပ်မှု အမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင်နှင့် နောင်ချို ဒေသများမှ ကော်ဖီလုပ်ငန်းရှင်များက ရရှိသွားကြသည်။ ပြိုင်ပွဲတွင် ကော်ဖီများ၏ အရည်အသွေးနှင့် အနံ့ အရသာတို့ကို နိုင်ငံကတာစံနှုန်းများနှင့်အညီ လိုင်စင်ရ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်များက မြည်းစမ်းစိစစ် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည်အသွေးမှာ အဆင့်မြင့်ဆုံးဖြစ်မည် မှာ ယုံမှားသံသယမရှိ သေချာမည်သာ ဖြစ်ပါသည်။

 

ဆေးဖက်ဝင်ကော်ဖီ

 

Aroma မျိုးနွယ်ဝင်ဖြစ်သည့် အပင်မှရရှိသောကြောင့် ကော်ဖီက ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း နိုင်ငံတကာကျန်းမာ ရေးသုတေသီများ၏ မှတ်တမ်းတချို့ကို အောက်ပါအတိုင်း လေ့လာသိရသည်။

 

ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက် ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ခေါ်) antioxidant အာဟာရဓာတ်သတ္တုများစွာ ပါဝင်နေသည်။

ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီပေးနိုင်သည်။

အသည်းကို အားကောင်းလာစေသည်။

ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန် လက်တုန်ရောဂါများနှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများကို ကဖိန်းဓာတ်နည်းသော ကော်ဖီပျော့ပျော့ နေ့စဉ်တိုက်ကျွေးသင့်ကြောင်း the University of South Florida နှင့် the University of Miami တို့မှ သုတေသီများက အကြံ ပြုထားကြသည်။

အချိုမပါသောကော်ဖီ တစ်နေ့နှစ်ခွက် ပုံမှန်သောက်ခြင်းက ဆီးချိုအမှတ်ရောဂါ-၂ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချပေး ကြောင်း The American Chemical Society က အကြံပြုထားသည်။

ကဖိန်းဓာတ်က သွေးထဲရှိ ဖက်တီးအက်ဆစ် ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဓာကိုယ်ကြွက်သားများက စုပ်ယူလောင်မြိုက် ပေးသဖြင့် ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းကို သက်သာစေသည်။ အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင်နှင့် စက်ဘီးစီး စသည့် အားကစားသမားများအတွက် ကော်ဖီက အထောက်အကူပြုကြောင်း The New York Times မှာ ဖော်ပြထားသည်။

အမျိုးသား၊ အမျိုးသမီးဦးရေ စုစုပေါင်း တစ်သိန်းကျော်ကို အနှစ် ၂၀ ကြာ သုတေသနပြုပြီးနောက် ကော်ဖီက အရေပြားကင်ဆာနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ လွန်စွာနည်းပါးစေကြောင်း အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ရှိ Brigham and Women's Hospital မှ အကြံပြုထားသည်။

ကော်ဖီသောက်ပြီးနောက် စိတ်ကိုလန်းဆန်း ပျော်ရွှင်လာစေသဖြင့် ဆယ်ကျော်သက်များ မိမိကိုယ်ကို သေကြောင်းကြံစည်လိုမှု ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်းကို အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ရှိ the Harvard School of Public Health မှ အတည်ပြုထားသည်။

ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များနှင့် စမ်းသပ်ပြီးနောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက်ကင်းစေသည့်ပြင် လိင်စိတ်နိုးကြွစေသည်ဟု ဆိုပါသည်။

အမေရိကန်တွင် အရက်စွဲနေသူ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ကို ၂၂ နှစ်ကြာ သုတေသနပြုချက်များအရ နေ့စဉ် ကော်ဖီတစ်ခွက် ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာသိရသည်။

ကော်ဖီက အရွယ်တင်နုပျိုစေသည့်အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း၊ မကြာခဏ မျက်စိပုတ်ခတ်ပုတ်ခတ် လုပ်သူများ၊ သွားပိုးစားခြင်း၊ ဂေါက် (ခေါ်) အဆစ်မြစ်ရောင်ရမ်းနာများ စသည်တို့အတွက် ဆေးဖက်ဝင်ကြောင်း ကျန်းမာရေးသုတေသီများက ဆိုထားသည်။

ကော်ဖီက လူ့သငံရည် (သားနံရည်) ကြော အဖွဲ့အစည်းကို အဆိပ်အတောက်ပြေစေသည်။ အထူးသဖြင့် orange peel (ခေါ်) အရေပြား အဖုအထစ်ကြမ်းတမ်းခြင်းကို သက်သာစေနိုင်သည်။ ထို့ကြောင့် အရေပြားရောဂါရှိသူများက ကော်ဖီမှုန့်ဖြင့့် ပြုလုပ်ထားသည့် ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းများကို အသုံးပြုသင့်ကြောင်း လှပမှုဆိုင်ရာ အရေပြားရောဂါဗေဒပညာရှင် များက Beauty Mantra (ခေါ်) အမေရိကန် အလှအပဆိုင်ရာ အင်တာနက်စာမျက်နှာ ထက်တွင် ရေးသားအကြံပြုထားသည်။

အင်္ဂလန်နိုင်ငံရှိ Imperial College London မှ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ ၄၅၆၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ ကော်ဖီသုံးခွက် သောက်သုံးလေ့ရှိသော အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါးသုတေသန ပညာရှင်များက အသက်အရွယ်ကြီးရင့်သူ ၁၄၀၀ အား စမ်းသပ်လေ့လာခဲ့ရာ၌ မပြင်းလွန်း၊ မပျော့လွန်း (အလယ်အလတ်စား) ကော်ဖီ သောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုကြောင်း တွေ့ရသည်။ အဆိုပါလေ့လာမှုကို အီတလီ ဘာရီအယ်လ်ဒိုမော်ရိုတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်အရွယ်ကြား သက်ကြီးပိုင်း ၁၄၄၅ ဦး၏ ကော်ဖီသောက်သုံးခြင်းနှင့် အာရုံကြောဆိုင်ရာ

ကျန်းမာသန်စွမ်းခြင်း ဆက်နွှယ်နေမှုအပေါ် သုံးနှစ်ကြာအချိန်ယူ၍ လေ့လာခဲ့သည်။ နေ့စဉ် ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက ဦးနှောက်၏စွမ်းအင်ကို တိုးတက်လာစေနိုင် ကြောင်းနှင့် အဆိုပါတွေ့ရှိမှုကို ဦးနှောက် အမေ့လွန်ရောဂါနှင့် ပတ်သက်သည့် အယ်လ် ဇိုင်းမားဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

အိမ်ခန်းအတွင်း အနံ့ဆိုးများ မရှိစေရန်အတွက် ကော်ဖီမှုန့်က အသုံးတည့်လှသည်။ ကော်ဖီ အမှုန့် (ground coffee) ကို အဝတ်အိတ်ပါးထဲ ထည့်၍ အခန်းထောင့်ပတ်လည်မှာ ချိတ်ဆွဲထားပေးပါ။ ၎င်းကော်ဖီမှုန့်က ဆေးလိပ်မီးခိုး တွေကိုလည်း စုပ်ယူပေးနိုင်ပါသည်။ သင်းပျံ့နေသော ကော်ဖီရနံ့က ကော်ဖီချစ်သူများ အတွက် စိတ်အာရုံကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါသည်။

 

 နေ့စဉ်ကော်ဖီသောက်ခြင်းက  ဆီးချိုရောဂါအမှတ်-၂ ကို ကာကွယ်ရာရောက်

 

ဆီးချိုရောဂါအမှတ်-၂ ဆိုသည်မှာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကိုတုံ့ပြန်နိုင်အား ကျဆင်းလာသည့်အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင်သည့်ဆေးဝါးများ လိုအပ်ခြင်းကြောင့် ဖြစ်လာရသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပေသည်။ ပျမ်းမျှ အသက် ၃၅ နှစ် အထက်မှာ စဖြစ်လေ့ရှိပြီး သွေးတိုး၊ နှလုံးရောဂါတို့နှင့် ဆက်စပ်နေသည်။ သက်ကြီးပိုင်းဖြစ်လေ့ရှိသော ဆီးချိုရောဂါ၏ ၉၀ ရာခိုင်နှုန်းခန့်က ၎င်းဆီးချိုရောဂါအမှတ်-၂ ဖြစ်ပါသည်။

 

ကော်ဖီကြိုက်သူများအတွက် သတင်းကောင်းလေးဖြစ်ပါသည်။ “ကော်ဖီကို ရံဖန်ရံခါမှ သောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သူများဟာဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ နည်းပါးနိုင်တယ်” ဟု ပြင်သစ်နိုင်ငံအခြေစိုက် AFP သတင်းဌာနမှ ထုတ်ပြန်ထားသည်။ ယခုလို ကော်ဖီနှင့် ဆီးချိုရောဂါဆက်စပ်မှု သုတေသနကို Diabetologia အသင်းအဖွဲ့မှ စေတနာ့ရှင်ကျန်းမာရေး ဝန်ထမ်းဦးရေ ၁၂၀၀၀၀ ကျော်နှင့် လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။ လေးနှစ်ကြာမျှ ကော်ဖီစွဲသောက်လာခဲ့ကြသူများဖြစ်ကြသော ထိုကျန်းမာရေးဝန်ထမ်း များကို အုပ်စုနှစ်စုခွဲ၍ လေ့လာကြည့်ရာ အောက်ပါ အတိုင်း အဖြေထွက်ရှိခဲ့သည်။

 

(က) တစ်နေ့လျှင် ကော်ဖီ ပျမ်းမျှတစ်ခွက် (သို့မဟုတ်) တစ်ခွက်ခွဲ သောက်လေ့ရှိသူက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေ အလား အလာ ၁၁ ရာခိုင်နှုန်း နည်းပါးကြောင်း၊

 

(ခ) တချို့နေ့တွေမှာ ပုံမှန်သောက်နေကျ တစ်ခွက်ထက်ပို၍ နှစ်ခွက်တိတိ သောက်တတ်သူများက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ ၁၈ ရာခိုင်နှုန်းထိ နည်းပါးသွားကြောင်း၊

 

(ဂ) ဘော့စတွန်နိုင်ငံရှိ the Harvard School of Public Health မှ Shilpa Bhupathiraju ဆိုသူက ထိုသုတေသနကို ဦးဆောင်သူဖြစ်ကြောင်း the European Association for the Study of Diabetes (ခေါ်) ဆီးချိုရောဂါ လေ့လာစောင့်ရှောက်ရေး ကျန်းမာရေးဂျာနယ်တစ်စောင်မှာ ယခုလို အကျယ်တဝင့် ဖော်ပြထားသည်။ ၎င်းအဆိုကို the Science Media Centreမှကျွမ်းကျင်သူများကလည်း အတည်ပြုထောက်ခံထားကြပြီး ကော်ဖီတစ်ခွက် နေ့စဉ်သောက်သင့်ကြောင်းနှင့် တချို့နေ့တွေမှာ နှစ်ခွက်သောက်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်မလာအောင် ထိန်းထား နိုင်ကြောင်း ထပ်လောင်းအကြံပြုထား သည်။

 

သို့သော် အထက်ပါသုတေသနပြုချက်ထဲတွင် လက်ဖက်ရည်နှင့် decaffeinated coffee (ခေါ်) ကဖိန်းဓာတ်မပါသည့် ကော်ဖီအမျိုးအစားတွေကို မဆိုလိုပေ။ အကယ်၍ လက်ဖက်ရည်နှင့် decaffeinated coffee တို့ကို စွဲသောက်သည့်အခါ သွေးထဲမှာ သကြားဓာတ်တွေများလာပြီး ဆီးချိုအမှတ်-၂ ဖြစ်စေသည့်အပြင် အဝလွန်ရောဂါလည်း ဖြစ်လာစေနိုင်ကြောင်း သိရသည်။

 

 ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်

 

“သူ့ခါးသက်သက်အရသာလေးက လျှာရင်းမြက်စေသလို၊ နက်ရှိုင်းတဲ့ရနံ့လေးကို ရှူရှိုက်မိတိုင်း စိတ်ဘဝင်ကို ကြည်လင်လန်းဆန်းသွားစေတယ်” ဟု ကော်ဖီချစ်သူများက မှတ်ချက်ချကြသည်။ နိုင်ငံတကာဆေးသုတေသီများ၏ ဆန်းစစ်မှုအရ နံနက်အိပ်ရာနိုးထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ကော်ဖီမသောက်ခင် အစားအစာအဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်း တစ်ချပ်ဖြစ်စေ စားပြီးမှသာ ကော်ဖီသောက်ကြပါရန် အကြံပြုထားသည်။ ထို့ပြင် နေ့လယ်စာစားပြီးနောက် တစ်နာရီကျော်အကြာနှင့် ညနေခင်းအချိန်တွေကလည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်သည့် အချိန်များ ဖြစ်ပါသည်။

 

 

ကော်ဖီရှောင်ရမည့်အချိန်

 

ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ကော်ဖီလုံးဝမသောက်ပါနှင့်။ အသင့်အတင့် ကော်ဖီသောက်ခြင်းက ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိထားကြပြီးဖြစ်သည်။ အထူးသဖြင့် ကော်ဖီထဲမှာပါရှိသည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါသည်။ သို့သော် အသီးအနှံမျိုးနွယ်ဝင် ကော်ဖီစေ့ထဲမှာ chlorine genic အက်စစ်(ခေါ်) ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိနေကြောင်းတွေ့ရသည်။ အစား အသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်၊ တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာ ဘာအစာမျှမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွားသည့် ဓာတ်ဖောက် ပြန်မှုကို ခံစားရစေနိုင်ကြောင်း တွေ့ရသည်။

 

အသေးစိတ်အနေဖြင့်ဆိုသော် ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်ထဲကို ဘလက်ခ်ကော်ဖီ (နို့လုံးဝမပါသောကော်ဖီကြမ်း) တစ်ခွက် လောင်း ထည့်လိုက်သောအခါ အစာချေအင်္ဂါအစိတ်အပိုင်း များထဲမှ hydrochloric အက်စစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကို ဖြစ်စေသည်။ မည်မျှပင် ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ထိုကဲ့သို့ သောက်သုံးလိုက်ခြင်းကြောင့် hydrochloric အက်စစ်များ အစာအိမ်ထဲမှာ ပျံ့နှံ့သွား ပြီးနောက် ထမင်း (သို့မဟုတ်) အဖတ်များစားပြီး သည့်အခါ ထိုအစားအစာတွေကို အစာအိမ်က ကောင်းစွာချေဖျက်ရန် ခက်ခဲသွားသည်။ ထို့ပြင် ထိုအစားအစာများထဲမှာ ပါရှိသော ပရိုတင်းအာဟာရ တန်ဖိုးများမှာလည်း အာနိသင် ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများ အဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်စစ် အထွက်များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်းစသည်တို့အပြင် အဆုံးစွန်သော ဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်သည်။

 

တစ်ဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့် ကော်ဖီသောက် သုံးခြင်းကြောင့် သက်ရောက်မှုများကို လူငါးဦးဖြင့် အချိန်တစ်လခွဲကြာ လေ့လာခဲ့ကြရာ (က) ကော်ဖီတွင် ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်းဇီဝဖြစ်စဉ်များ ကို မိနစ် ၄၀ ခန့် နောက်ကျစေကြောင်း၊ (ခ) ညနေ ပိုင်း ကော်ဖီသောက်သုံးခြင်းက အိပ်ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိ နောက်ကျသွားစေကြောင်း၊ (ဂ) ညအိပ်ရာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟိုမုန်း များထုတ်လုပ်မှုကို မိနစ် ၄၀ ခန့်နောက်ကျစေကြောင်း၊ (ဃ) ညနေပိုင်း ကော်ဖီသောက်ခြင်းက အိပ်၍ မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေ ကြောင်းစသည်ဖြင့် အဖြေထွက်ရှိသည်။ ထို့ကြောင့် ၎င်းအချိန်များမှာလည်း ကော်ဖီသောက်ရန်မသင့်ပေ။ (င) အရေးကြီးဆုံးအချက်က နံနက်အိပ်ရာထထချင်း ကော်ဖီကို အလျင်စလို မသောက်ပါနှင့်။ အဘယ် ကြောင့်ဆိုသော် နံနက်အိပ်ရာထထချင်း ကော်ဖီသောက်မိရာ ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏ ရုတ်တရက်တိုးပွားလာကြပြီး၊ ၎င်း cortisol တွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်နာရီများကို ကြီးမားသည့် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်။ (စ) သို့သော် ခြွင်းချက်အဖြစ် ကော်ဖီသောက်သုံးခြင်းက စံတော်ချိန် မတူညီသော အခြားနိုင်ငံများသို့ ခရီးထွက်ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ်ထွန်းစေပါမည်။

 

သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်း ဖြစ်စေ ဖို့အတွက် ဗိုက်ထဲမှာဘာအစာမျှမရှိခင် ကော်ဖီ မသောက်ကြပါရန်နှင့် နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင်၍ ထလေ့ရှိသူများ၊ ကော်ဖီမသောက်ရ မနေနိုင်သူများအတွက် ကော်ဖီမှုန့် နည်းနည်းမျှသာ ထည့်၍ နွားနို့အနည်းငယ် (သို့မဟုတ်) ထောပတ် အနည်းငယ်ဖြည့်ထည့်ကာ အာသာပြေသောက်ကြ ပါရန် သတိပေးလိုပါသည်။

 

ကော်ဖီသောက်လွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုး

 

ကော်ဖီက အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း မွေးရာပါကိုယ်ခံ အားနည်းသူများ၊ ကဖိန်းဓာတ်နှင့် ဓာတ်မတည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်းသောက်သုံးသူများနှင့် ကော်ဖီအမှုန့်ကိုမစစ်ခံဘဲ သောက်မိသည့်အခါ ခန္ဓာကိုယ်ကိုအကျိုးယုတ်စေသည့် LDL ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံးသွေးကြောရောဂါ၊ အစာအိမ်အချဉ်ဖောက်ခြင်း၊ အာရုံကြောကိုနှိုးဆွ၍ အိပ်မပျော်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း သွေးတိုး ရောဂါ၊ အရိုးပါးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းဖုံးလွှာထိခိုက်ခြင်း၊ သွားများညိုမည်းခြင်း စသည်တို့ ဖြစ်တတ်သည်။ ထို့ပြင် ကော်ဖီအသောက်များသော ကလေးငယ်တွေမှာ ခန္ဓာကိုယ်ကြီးထွားမှု နှောင့်နှေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ သားလျောသားပျက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုး များ ဖြစ်စေနိုင်သည်။

 

တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် ကျန်းမာရေး ကောင်းမွန်သူတစ်ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုမသောက်သင့်ပေ။ ကော်ဖီကိုတစ်နေ့သုံးခွက်ထက်ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစက်စက်ကျရောဂါနှင့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်လာစေနိုင်သည်။ ကော်ဖီကို တစ်နေ့လေးခွက် သောက်သုံးသူများက မျက်လုံးဖိအား မြင့်တက်လာကာ ရေတိမ်ရောဂါဖြစ်စေနိုင်သည်။ တစ်နေ့ ခြောက်ခွက်နှင့်အထက် သောက်သုံးသူများမှာ ဦးနှောက်ထုထည်ကျုံ့ဝင်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်စေနိုင်သည်။ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါသည်။ ထို့ပြင် ကော်ဖီကို ပါရာစီတမောလ် (သို့မဟုတ်) အကိုက်အခဲပျောက်ဆေးများနှင့် တွဲပြီးလုံးဝမသောက်သင့်ပေ။ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် ကျန်းမာရေးမကောင်း၍ ကိုယ်ခံ အားနည်းသူများက ကော်ဖီကို အထူးလျှော့ သောက်သင့်ပါသည်။

 

mdn

 

မှတ်ချက်

 

ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ သိမ်းဆည်းခြင်းက ၎င်းကော်ဖီမှုန့်၏ သိပ်သည်းဆပုံစံ ပြောင်းလဲသွားကာ အနံ့နှင့်အရသာတို့ကို ပျက်ပြယ်သွားစေသည့်အပြင်၊ ရေခဲသေတ္တာထဲရှိ အခြားသော အစားအသောက်များ၏ အနံ့အရသာတို့ကိုလည်း ကော်ဖီရနံ့က အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် ကော်ဖီကောင်းတစ်ခွက် ရရှိစေရန်အတွက် လေလုံသော ဖန်ပုလင်း (သို့မဟုတ်) ကြွေပုလင်းထဲတွင် သိမ်းဆည်းထားရမည်။ လေသလပ် ခြင်းနှင့် ပူလွန်းသောနေရာများကလည်း ကော်ဖီ၏ အရသာကို ပျက်ပြယ်စေတတ်သည်။

 

အချုပ်အားဖြင့်ဆိုသော် ကော်ဖီကို အသက်အရွယ်အလိုက် အသင့်အတင့်ပုံမှန်သောက်သုံးခြင်း၊ သကြား နို့ဆီစသည့် အချိုလျှော့ထည့်သောက်ခြင်းတို့က အထက်ဖော်ပြပါ ကျန်းမာရေးအကျိုး ကျေးဇူးများစွာကို မလွဲမသွေရရှိစေပါသည်။ ၂၁ ရာစုတွင် အဖြစ်များသော စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက် ဇရာကြိုရောဂါ၊ ပါကင်ဆန် (ခေါ်) ခြေတုန်လက်တုန် ရောဂါနှင့် နာတာရှည် ဆီးချိုရောဂါအမှတ်-၂ စသည့် ရောဂါတို့ကိုလည်း ကော်ဖီက အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါသည်။ ကော်ဖီသည် ကမ္ဘာ့စျေးကွက်တွင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သည့် အလျောက် ကော်ဖီစိုက်ပျိုးသူများအနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်မည်ဆိုပါက ကမ္ဘာ့အလည်တွင် မြန်မာ့ကော်ဖီစျေးကွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။

 

ကော်ဖီသည် စိုက်ပျိုးသည့် ရေမြေရာသီဥတု ပထဝီအနေအထားတို့ကိုလိုက်၍ ကော်ဖီစေ့၏ အနံ့အရသာတို့ အမျိုးအမျိုး ကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီစျေးကွက်တွင် အမည်ကောင်းရရှိထားပြီးဖြစ်သလို အရေးပါသည့် တန်ဖိုးမြင့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက် ရှိသည်။ အရည်အသွေးမြင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့စျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိလာရေးအတွက် မြန်မာ့ကော်ဖီထုတ်လုပ်သူများနှင့် အဖွဲ့အစည်းမျာက အားထုတ်ကြိုးပမ်းကြရာတွင် မြန်မာ့ကော်ဖီ၏ ကိုယ်ပိုင်ထူးခြားသည့် အနံ့အရသာတို့ကို သောက်သုံးသူများနှင့် ကမ္ဘာ့စျေးကွက်က သိရှိလာရေးအတွက် စျေးကွက်မြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာနည်းပညာများဖြင့် အစီအစဉ်ချမှတ် ဆောင်ရွက်သွားကြစေလိုပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။