ကျောင်းဖွင့်ချိန်အမီ ဘတ္ထရီစက်ဘီးများ စျေးကွက်အတွင်း အရောင်းတွင်ကျယ်လာ

ရန်ကုန်၊ မေ ၁၅

ကျောင်းဖွင့်ချိန်အမီ ဘတ္ထရီစက်ဘီးများ စျေးကွက်အတွင်း အရောင်းရတွင်ကျယ်လာကြောင်း စျေးကွက်အတွင်း မေးမြန်းစုံစမ်းထားချက်များအရ သိရသည်။

ပြီးခဲ့သည့် လများအတွင်းက စက်ဘီးဈေးကွက်မှာ ဝယ်အား ရောင်းအားအေးခဲ့ပြီး မေလမှစတင်ကာ ရောင်းဝယ်အား ကောင်းမွန်ခဲ့ရာတွင် ဘတ္ထရီစက်ဘီးများက ပိုမိုအရောင်းသွက်ခဲ့ခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့လတွေတုန်းက ရောင်းအားက တော်တော်ဆိုးတယ်။ ဒါပေမယ့် မေလထဲဝင်တော့ အပေါင်းဘက်ကို နည်းနည်းပြန်တက်လာတယ်။ ကျောင်းဖွင့်ရာသီ ပြန်ရောက်လာတာကြောင့်လားတော့ မပြောတတ်ဘူး။ ဒီလကဝောာ့အရောင်းအဝယ်‌ကောင်းတယ်။ မိုးတွင်းမှာ စက်ဘီးအ‌ရောင်းအဝယ်ကတော့ ပုံမှန်က အထိုက်အလျောက်တော့နှေးတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့နှစ် အနေအထားအရ စျေးကွက်မလည်အောင်အထိ မဖြစ်ခဲ့ဖူးဘူး။ ပုံမှန်ထက်တော့ အေးခဲ့တယ်” ဟု JoeZ Bike စက်ဘီးရောင်းဝယ်ရေးမှာ ဆိုင်ပိုင်ရှင်က ဆိုသည်။

ဘတ္ထရီစက်ဘီးများ ပိုမိုအဝယ်လိုက်လာခြင်းမှာ ဆိုင်ကယ်စီးခွင့် ကန့်သတ်မှုများကြောင့် ဖြစ်နိုင်ပြီး နှိုင်းယှဥ်ပါက သာမာန်ရိုးရိုး စက်ဘီးရောင်းအားကျနေခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“စက်ဘီးက ပိုအစီးများတယ်။ ပတ်ဝန်းကျင်မှာလည်း ဘတ္ထရီဘီးတွေများလာတာ မြင်နေရတာပဲလေ။ သူကလူသက်သာတယ်။ ဆိုင်ကယ် လောက်လည်းမမြန်ပေမယ့် ခရီးတွင်တယ်။ ကျွန်တော်တို့လည်း စက်ဘီးကို ပိုသုံးဖြစ်တယ်။ ဘတ္ထရီဘီးက မော်တာကော ခြေနင်းကောရတော့ အဆင်ပြေတယ်။ သိရသလောက်က စျေးကွက်က နှစ်မျိုးရှိတယ်။ တစ်ပတ်ရစ်ရယ်၊ အသစ်ရယ်ပေါ့။ တချို့ကလည်း တစ်ပတ်ရစ်ဝယ်တယ်။ တချို့ကလည်းအသစ်ဝယ်ပြီး ကိုယ်တိုင်စိတ်ကြိုက် ပြန်ဆင်တယ်။ ကျွန်တော်လည်း အဲဒီလို ပြန်ဆင်ပြီးစီးတဲ့သူပါ” ဟု သဃ်န်းကျွန်းမြို့နယ်မှ ဘတ္ထရီစက်ဘီး ပိုင်ဆိုင်သူ ဦးမြင့်နိုင်ကဆိုသည်။

Thit Taw