ကျောင်းနေအရွယ်တိုင်း ကျောင်းအပ်နှံရေးနှင့်ကျောင်းထွက်သူ ပပျောက်ရေး

နေပြည်တော် ၂၇ မေ

 

မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့်ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး”ဟူသော ဆောင်ပုဒ်ကို ထုတ်ပြန်ကာ ကျောင်းအပ်နှံမှုနှုန်း မြင့်မားလာစေရန်နှင့် ကျောင်းနေမြဲရေးအတွက် ပညာရေးဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။ ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ၆ နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) သို့ အပ်နှံရန် ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားပြီး မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူ များသို့ မေတ္တာရပ်ခံချက်နှင့် ကျောင်းအုပ် ဆရာ၊ ဆရာမများအားလုံးနှင့်အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များကိုလည်းထုတ်ပြန်ထားသည်။ အဓိကရည်ရွယ်ချက်မှာ ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူမှု အခွင့်အလမ်းများ မြင့်မားလာစေခြင်းဖြင့် ကျောင်းဝင်နှုန်း၊ ကျောင်းနေမြဲမှုနှုန်းနှင့် တန်းစဉ်အလိုက် သင်ယူပြီးမြောက်မှုနှုန်းတို့မြင့်မားလာစေရန်အတွက် ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိအခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း၄၆၄၆၈ ကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၉ ဒသမ ၆ သန်းကျော် ပညာသင်ယူခဲ့ပြီး ပညာရေးဝန်ကြီးဌာနက ပညာရေးအသုံးစရိတ်၏ ၈၀ ရာခိုင်နှုန်းကို အခြေခံပညာအတွက် သုံးစွဲခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအပြင် ဝေးလံဒေသ ၁၁၆ မြို့နယ်ရှိ ကလေးများကိုပါ တိုးမြှင့်ရွေးချယ်ခဲ့ကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၆၃၈၆ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကယားပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သတင်းတွင် ဖတ်ရှုခဲ့ရသည်။ အခြေခံပညာရေးတွင် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်လာခဲ့ရာ ကျောင်းဝင်နှုန်းမှာလည်း မြင့်မားလာပြီး ကျောင်းသားဦးရေ သိသိသာသာတိုးလာခဲ့ပြီဖြစ်သည်။

 

သို့ရာတွင် လူမှုရေး၊ စီးပွားရေးစသည့် အခက်အခဲများ၊ စစ်မက်ဘေးနှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ကျောင်းသင်ပညာ တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ရမှုများမှာ မြန်မာနိုင်ငံတွင် မြင့်မားနေသည်ဟုသိရသည်။ မည်သည့်အခက်အခဲများကြောင့်ဖြစ်စေ ကျောင်းသင်ပညာတစ်ပိုင်းတစ်စနှင့် စာသင်ခန်းကို ကျောခိုင်းထွက်ခွာသွားရသည့်ကျောင်းသူကျောင်းသား ကလေးငယ်များ လျော့နည်းပပျောက်သွားစေရေး ဝိုင်းဝန်းဖေးကူကြရန်နှင့် ၎င်းတို့၏ ပညာသင်ယူမှုရှေ့ခရီးဆက်နိုင်စေရန်လည်း အခွင့်အလမ်းများကို ဖန်တီးပေးထားရန် လိုအပ်မည်ဖြစ်သည်။

 

ပညာသင်ကြားခြင်း သင်ယူခြင်းသည် ကလေးသူငယ်များ၏အနာဂတ်ဘဝ မြင့်မားရေးအတွက်ဖြစ်သလို နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းမြင့်မားသည့် လူစွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်နေခြင်းလည်းဖြစ်သည်။ ကျောင်းသို့ ဝင်ရောက်လာသည့်ကလေးသူငယ် ကျောင်းသူကျောင်းသားများ ကျောင်းနေမြဲကာ တန်းစဉ်အလိုက် အောင်အောင်မြင်မြင် ကူးပြောင်းသင်ယူတတ်မြောက်သွားစေရေး၊ ပညာတတ်မြောက်မှုအရည်အသွေး စံချိန်စံညွှန်းကောင်းမွန်ရေးတို့ အရေးပါသည့်နည်းတူ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကာပညာရေး အဟောသိကံဖြစ်မှုများ လျော့ပါးရေးသည်လည်း နိုင်ငံအတွက်လွန်စွာအရေးပါသည့်အလျောက် ကျောင်းသူကျောင်းသား၊ အုပ်ထိန်းသူ မိဘများ၊ ပညာရေးဝန်ထမ်း ဆရာ ဆရာမများနှင့် တာဝန်ရှိသူ၊သက်ဆိုင်သူ အားလုံးတို့က တာဝန်ကိုယ်စီရှိကြသည်ဟု ခံယူဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း