ကောင်းမှုကို သိခြင်း ကျင့်ကြံခြင်း

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည့်စကားရပ်မှာ မည်သည့်လူမျိုးမဆို မည်သည့်ဘာသာနှင့် ယုံကြည်ကိုးကွယ် မှုမျိုးအတွက်မဆို ထားသင့်ရှိသင့်သော စိတ်ထားမျိုးဟုဆိုလျှင် မမှား နိုင်ပါ။

ဤသည်၏ အခြေခံမှာ ကောင်းတာလုပ်လျှင် ကောင်းသည့် အကျိုးဆက်ဖြစ်လာပြီး မကောင်းတာလုပ်လျှင် မကောင်းသည့် အကျိုးဆက်ဖြစ်မည်ဟု ယုံကြည်ခြင်းပဲဖြစ်၏။ ဒါက မကောင်းမှုကို မကြံစည်မပြောမလုပ်ဘဲ ကောင်းမှုကို ကြံစည်ဖို့၊ ပြောဆိုဖို့၊ လုပ်ဖို့အတွက် အခြေခံရှိသင့်သော ယုံကြည်မှုပါ။

ထိုသို့ ကောင်းမှုပြုခြင်း၊ ကြံစည်ခြင်း၊ ပြောခြင်းသည် ကောင်းဖို့ဖြစ်သည်ဟု ယုံကြည်သည့်အတိုင်း အလေ့အကျင့်ပြုခြင်းက လောကကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ မိမိ၏လူမှုအဖွဲ့အစည်းအကျိုးကို စောင့်ရှောက် ဆောင်ရွက်ခြင်းပဲဖြစ်သည်ဟု နားလည်ပါသည်။

မကောင်းတာကို မလုပ်ဖို့၊ ကောင်းတာကိုပဲလုပ်ဖို့။

တစ်နည်းအားဖြင့်ဆိုလျှင် အဲသည်ဟာက လူတို့ကျင့်ကြံထိုက်ကြသည့် သီလပဲဖြစ်၏။ လူတစ်ဦးချင်းအနေဖြင့် ကျင့်ကြံထိုက်သည့် သီလက မကောင်းတာမလုပ်ဘဲ ကောင်းတာကို လုပ်ဖို့ဖြစ်ပါမည်။

သို့သော်လည်း ဘာကကောင်းတာကို လုပ်ခြင်းဖြစ်ပြီး ဘာကမကောင်းတာကို လုပ်ခြင်းဖြစ်သည်ဟု သိရှိနားလည်ခြင်းက ပညာဖြစ်၏။ ကောင်းမှုနှင့်မကောင်းမှုကို ခွဲခြားသိမြင်ခြင်းဖြစ်၏။ ယင်းအတွက် အသိဉာဏ်ပညာလိုအပ်သည်။ ကောင်းခြင်းမကောင်းခြင်းကို ခွဲခြမ်းစိတ်ဖြာ သိရှိနားလည်နိုင်ခြင်းက အခရာဖြစ်ပါသည်။

စိတ်ကူးအိပ်မက်ထဲတွင် ယာယီအားဖြင့် ယစ်မူးပျော်ရွှင်ရင်း ငြိမ်းချမ်းမှုရနေခြင်းက ကောင်းမှုလား။ လမ်းပေါ်သွားနေရင်း ကွမ်းတံတွေးထွေးရန် နေရာရှာရသည်မှာ အလုပ်ရှုပ်သည်၊ အလွယ်ပဲ လမ်းပေါ်ထွေးချ လိုက်ခြင်းက ကောင်းသည်လား။ မိမိနှင့် သဘောထားချင်း မတိုက်ဆိုင်သည့် အယူအဆကို ရှင်းလင်းပြောဆိုလာသည်နှင့် ကြုံရသည့်အခါ စိတ်ကို လွှင့်ထုတ်ကာ အားရပါးရဆဲဆို အော်ဟစ်လိုက်သည်က ကောင်းသည်လား၊ မကောင်းသည်လား။

မိမိ၏မိသားစု ချမ်းသာကြွယ်ဝ အေးချမ်းပျော်ရွှင်စွာနေနိုင်ရန်အလို့ငှာ အခြားသူများကို နှိပ်စက်ကလူပြု အနိုင့်အထက်ပြုခြင်းက ကောင်းသည်လား၊ မကောင်းမှုပြုရာ ရောက်သည်လား။

မိမိတို့ လူမျိုးအတွက် မိမိနိုင်ငံတိုးတက်ဖွံ့ ဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဟု ကြွေးကြော်လုပ်ဆောင်ရင်း မိမိလူမျိုး၊ မိမိနိုင်ငံ ဆုတ်ယုတ်နိမ့်ကျ ဆင်းရဲသွားသည်က ကောင်းတာလား၊ မကောင်းတာလားဆိုသည့် ဥပမာ အနည်းငယ်ကို စိစစ်ကြည့်လျှင် မိမိတို့ ကောင်းတာလုပ်နေခြင်းလား မကောင်းတာလုပ်နေမိပြီလား၊ သို့တည်းမဟုတ် ကောင်းတာကို အမှန်တကယ် ထိထိရောက်ရောက် လုပ်ဖြစ်ရဲ့လားဆိုသည်တို့ကို ဝေဖန်မိပြီး ဖြစ်ပါလိမ့်မည်။

အမှန်တကယ် လူ့ဘဝ လူပီသစွာနေဖို့၊ မိမိအပါအဝင် လောကကြီး ငြိမ်းချမ်းသာယာမှုကို ဝိုင်းဝန်းစောင့်ရှောက် ဆောင်ရွက်လိုလျှင် ဘာကို ပြောဆိုခြင်းလုပ်ခြင်းက ကောင်းသည်၊ ဘာကိုပြောဆိုခြင်း လုပ်ခြင်းက မကောင်းဘူး ဆိုသည်ကို ပညာနှင့်ချိန်ထိုးခွဲခြားသိမြင်ပြီး ထိထိရောက်ရောက် လေ့ကျင့်လုပ်ဆောင်ကြဖို့ လိုပါမည်။

အထူးသဖြင့်မူ ခေါင်းဆောင်မှုနေရာမှာရှိသူများက နမူနာပြကျင့်ကြံပြောဆိုရင်း လုပ်ကိုင်ခြင်းက လောက အကျိုးကို အမှန်တကယ် ဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။ (မြန်မာ့အလင်း)