ကောင်းမြတ်သည့် အစဉ်အလာများကိုအတုယူပြီး ပြည်သူချစ်သည့် စစ်သည်တော်ကောင်းများ ဖြစ်လာအောင် ပြုကျင့်နေထိုင်

နေပြည်တော် ၂၈  ဒီဇင်ဘာ

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)မှ အကောင်းဆုံး သင်တန်းသား ဆုရရှိသူ သင်တန်းသားအမှတ် ၃၈၁၅ သင်တန်းသား ဝေဖြိုးဟိန်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသား အမှတ် ၃၈၂၂ သင်တန်းသား သန့်စင်၊ စာပေ ထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၇၈ဝ သင်တန်းသား စိုးခန့်အောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၂)မှ အကောင်းဆုံး သင်တန်းသူဆု ရရှိသူ သင်တန်းသူအမှတ် ၁၃၅ သင်တန်းသူ နန်းရဝေပိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ အမှတ် ၁၁၉ သင်တန်းသူ စုမွန်နိုင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၁၆၄ သင်တန်းသူ အေးသော်တာမင်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သမိုင်းကြောင်းအရ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မဖြစ်မနေ လိုအပ်နေသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ချမှတ်ပြီး စိတ်ရင်း စေတနာမှန်ကန်စွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ ပကတိအရှိတရားများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးကို အမည်နာမအမျိုးမျိုးဖြင့် နယ်မြေပိုင်းခြား သတ်မှတ်ထားသော်လည်း နယ်မြေဒေသတိုင်းတွင် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသည့်အတွက် ပြည်ထောင်စု၏အသွင်သ္ဌာန်သည် ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ် စေရေး အလွန်အရေးကြီးကြောင်း။

မိမိတို့အနေဖြင့် တပ်မတော်နှင့် ပြည်သူအပေါ် တာဝန်ကျေပွန်ခဲ့သည့် နောင်တော်စစ်သည်များ၏ ကောင်းမြတ်သည့် အစဉ်အလာများကို အားကျ အတုယူပြီး မိမိတို့တပ်မတော်၏ ကောင်းမွေ ဆက်ခံသူ တပ်မတော်သားများ၊ ပြည်သူက အားကိုးအားထားပြုရသည့် ပြည်သူချစ်သည့် စစ်သည်တော်ကောင်းများ ဖြစ်လာ အောင် ပြုကျင့်နေထိုင်သွားကြရန် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် ဆေးတက္ကသိုလ်၊ ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၅)မှ ထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသား များနှင့် ၎င်းတို့၏မိဘများ၊ အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညနေပိုင်းတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂) သင်တန်း ဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်