ကောင်းမွန်သည့်ရလဒ်များ မျှော်ရည် သွေးချင်းတို့ရဲ့ပွဲတော်ဆီ

၁၆ နိုဝင်ဘာ

 

မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်တစ်ခုကို လာမည့် နှစ်ဆန်းပိုင်း၌ ရန်ကုန်မြို့တွင်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

 

 

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပပြီး “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”  ဟု အမည်ပေးထားသည့် အဆိုပါပွဲတော်ကို-

 

- တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာဒေသနှင့် ရိုးရာအဆောက်အအုံများ၊ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများကို လေ့လာနိ်ုင်ရန်၊

- တိုင်းရင်းသားမျိုးနွယ်စုများ၏ ïိးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိနိုင်ရန်၊

- ဒေသထုတ်ကုန်များ တိုင်းရင်းသားïိးရာ အဝတ်အထည်များအား ပိုမိုစိတ်ဝင်စားလာရန်၊

- တိုင်းရင်းသားစီးပွားရေးလုပ်ငန်းစုနှင့် လုပ်ငန်းရှင်များအကြား ပိုမိုထိတွေ့ရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်၊

- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အထောက်အကူပြုသွားနိုင်ရန်ဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 

 

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းအတွက် သဘာဝအရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားသည့်အပြင် တိုင်းရင်းသားလူမျိုးစုများစွာတို့၏အရောင်အသွေးစုံသော၊ ထူးခြားစိတ်ဝင်စားဖွယ်ကောင်းသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများစွာတို့လည်း တည်ရှိနေသည့် နိုင်ငံဖြစ်သည်။ ခရီးသွားလုပ်ငန်းအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သော ဟိုတယ်၊ မိုတယ်၊ အင်းများနှင့် အိပ်ခန်းများ၊ အိပ်ရာများ၏ အရေအတွက်များမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် စသည့် ပြည်နယ်များအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ၂၀ဝ၅-၂၀ဝ၆ ဘဏ္ဍာနှစ်မှသည် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ မှန်မှန်တိုးတက်လာခဲ့ရာ ဟိုတယ်၊ မိုတယ်၊ အင်း အရေအတွက် ၁၅၅၇ လုံး၊ အိပ်ခန်းအရေအတွက် ၅၉၄၇၆ နှင့် အိပ်ရာအရေအတွက် ၁၁၈၂၆၉ အထိ ရှိလာကြောင်း စာရင်းဇယားများတွင် တွေ့ရသည်။ နိုင်ငံတကာ ဧည့်သည်ဝင်ရောက်မှု အနေဖြင့် ၂၀ဝ၅-၂၀ဝ၆ ခုနှစ်တွင် ၆ သိန်းခွဲကျော်ရှိခဲ့ရာမှ နှစ်စဉ် မှန်မှန် တိုးတက်လာခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၄ သန်းကျော်ခန့်အထိ ဝင်ရောက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင်မူ ၃ သန်းကျော်ခန့်သို့ ပြန်လည်ကျဆင်းသွားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးပြီးနောက် မူဝါဒများကို တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းအဖြစ် တင်စားကြသည့် ခရီးသွားလုပ်ငန်းများ လျင်လျင်မြန်မြန် ကြီးထွားတိုးတက်လာနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြဖူးရာ လက်တွေ့တွင် အထိုက်အလျောက် တိုးတက်လာခဲ့သော်လည်း ရခိုင်ပြည်နယ်အရေးကဲ့သို့သော ဖြစ်ရပ်များက မြန်မာ့ခရီးသွားကဏ္ဍကို ဦးငိုက်သွားစေခဲ့သည်။

 

 

လာမည့် လအနည်းငယ်အတွင်း ကျင်းပတော့မည့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရည်ရွယ်သည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”  ပွဲတော်ကြီးသည် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ခရီးစဉ်ဒေသများ၊ ဒေသထုတ်ကုန်များနှင့် အစားအစာများကို ညီနောင်သွေးချင်း ရင်းနှီးစွာ ဖလှယ်နိ်ုင်ရုံမျှမက နိုင်ငံတကာကပါ သိရှိနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် လည်းကောင်း၊ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးအတွက် အထောက်အကူတစ်ရပ်အဖြစ်လည်းကောင်း ကျင်းပရသည့် ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်နိုင်ပါစေရန် ဆန္ဒပြုအပ်ပါကြောင်း။

မြန်မာ့အလင်း