ကျောက်ပန်းတောင်းမြို့နယ် ပျားလုပ်ငန်းရှင်များ ရာသီဥတုကောင်းသောကြောင့် နှမ်းခင်းများအပွင့်လှိုင်ချိန် ပျားလုပ်ငန်းရှင်များ အဆင်ပြေနေ

ကျောက်ပန်းတောင်း  ၂၈ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရာသီဥတုမှန်ကန်ကာ နှမ်းခင်းများကောင်းပြီး နှမ်းပွင့်များ ဖြိုင်ဖြိုင်ပွင့်နေချိန် ပျားလုပ်ငန်းရှင်များ ပျားပုံးများ နှမ်းခင်းအနီးထားရှိထားခြင်းဖြင့် ပျားရည်လုပ်ငန်းလုပ်ကိုင်လျက်ရှိရာ ဒီနှစ်ပျားရည်လုပ်ငန်း တွက်ခြေကိုက်နေကြကြောင်း လင်းထက်  ပျားလုပ်ငန်းပိုင်ရှင် ဦးဝင်းစိုးက ပြောပြသည်။

 

1

 

ပျားလုပ်ငန်းလုပ်ရာတွင် အညာရာသီဥတုအရ မိုးရာသီနှမ်းခင်းများ၊ ဆီးပွင့်ပွင့်ချိန် ဆီးပွင့်များကိုသာ အဓိကအားထားပြီး ပျားပုံးများချထားရကြောင်း၊ ဥတုရာသီမကောင်းချိန် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းဒေသရှိ မြို့များသို့သွားရောက်ကာ ပန်းနှမ်းခင်းများဘက် သွားရောက်ကြကြောင်း၊ ယခုနှစ် ထူးထူးခြား မိုးနှမ်းပွင့်ချိန် ပျားသေတ္တာများ နှစ်ချိန်ထိ ပျားရည်ဖောက်ယူခဲ့ကြောင်း၊ သြဂုတ်လကုန်ထိ မိုးနှမ်းများရှိနေသေးပါက စက်တင်ဘာလတွင်ပွင့်သည့် ဆီးပွင့်များမီကာ နေရာပြောင်းချရန် မလိုအပ်ကြောင်း၊ အညာဒေသတွင် ဆီးပင်ပေါများသောကြောင့် ပျားလုပ်ငန်းရှင်များ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပခုက္ကူ၊ ရေစကြို၊ မြင်းခြံ၊ တောင်သာဘက်တို့တွင် ပျားသေတ္တာများ ပြောင်းရွှေ့ချထားပြီး နေရာနီးသည့်အတွက် စရိတ်စကသက်သာကြောင်း ဦးဝင်းစိုးမှ ပြောပြသည်။

ပျားလုပ်ငန်းရှင်များသည် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများ ဆီးပွင့်တုံးချိန်တွင် နှစ်တိုင်းဒေသအလိုက် စိုက်ပျိုးသီးနှံများရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ဘက်သို့လည်းကောင်း၊ အောင်ပန်းမြို့နယ်တဝိုက်နှင့် ကလောမြို့များသို့လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့များသို့ လည်းကောင်း သွားရောက်ကာ အဆိုပါဒေသများက ပန်းနှမ်းခင်းများကို အဓိကအားထားပြီး ပျားရည်လုပ်ငန်းလုပ်ကြကြောင်း သိရသည်။

ပြောင်းဖူးခင်းများကို ပျားချီး(အရပ်အခေါ်) ပိုလန်များထုတ်လုပ်နိုင်ရန် ပျားသေတ္တာများချထားခြင်း၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတွင် ပြောင်းဖူးခင်းများပေါများသဖြင့် ပျားချီး(ခေါ်)ပိုလန်သည် ဈေးအလွန်ကောင်းပြီး တစ်ပိဿာ (၃၀ဝ၀ဝ)ကျပ်ထိ ရောင်းချရကာ ပျားရည်တစ်ပိဿာ (၃၅၀ဝ)ဖြင့် ရောင်းချရကြောင်း၊ များသောအားဖြင့် ပျားရည်များအား ကုမ္ပဏီများသို့ တိုက်ရိုက်သွင်းပေးရကြောင်း လင်းထက် ပျားရည်လုပ်ငန်းပိုင်ရှင်မှ ရှင်းပြသည်။ 

ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာတွင် ပျားလုပ်ငန်းရှင် (၆၃)ဦးကျော်ရှိပြီး ယခုနှစ် မိုးကောင်းသောကြောင့် ပျားလုပ်ငန်းရှင်များ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းတစ်လျောက် နှမ်းခင်းများအနီးတွင် ပျားသေတ္တာများချထားကြကြောင်းနှင့် ကျောက်ပန်းတောင်း-ပွေးကျစ်လမ်း လွင်ပင်ကုန်းကျေးရွာ၊ ကျောက်စရစ်ကန်ကျေးရွာ၊ စီပေါက်ကန်ကျေးရွာများဘက်သို့ သွားရောက်ကာ ပျားသေတ္တာများချထားကြောင်း၊ မွေးမြူရေးပျားများအား ဥရောပများဟု ခေါ်ဆိုကြပြီး ပျားသေတ္တာများ တစ်နေရာနှင့် တစ်နေရာရွှေ့ချိန်မှာ ညနေပိုင်း မိုးအုံ့ချိန်နှင့် မိုးကျတော့မည်အချိန်တွင် ပျားများပြန်လာချိန် မကျန်ခဲ့စေရန် ရွှေ့ပေးကြောင်း၊ မွေးမြူရေးပျားများ(သူတို့အခေါ်) ဥရောပပျားများသည် သစ္စာရှိကြောင်း ပျားလုပ်ငန်းရှင် မသန်းသန်းအေးမှ ရှင်းများသည်။

ပျားမွေးမြူရေးလုပ်ငန်းများသည် သီးနှံစိုက်ခင်းများနှင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်နေသည့်အတွက် တစ်ပင်နှင့်တစ်ပင် ပျားများမှတစ်ဆင့် ဝတ်မှုံကူးပေးခြင်းဖြင့် သီးနှံစိုက်ခင်းများအတွက်လည်း အဆင်ပြေကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဒီနှစ်ထူးခြားချက်က မိုးနှမ်းများကောင်းခြင်းကြောင့် ပျားသေတ္တာများ တစ်လအတွင်း နှစ်ကြိမ် ပျားရည်ခပ်ယူ(ညှစ်)ခဲ့ရကြောင်း၊ စိုက်ပျိုးသီးနှံများ မကောင်းချိန် ရာသီဥတုကြောင့် ပန်းများမပွင့်နိုင်ချိန်တွင် သကြားရည်အနည်းငယ်ဖြင့် ပျားများကျွေးရကြောင်း ဦးဝင်းစိုးမှ ရှင်းပြကာ ပျားလုပ်ငန်းသည် တစ်နှစ်ပတ်လုံး နားချိန်မရှိဘဲ နိုင်ငံအနှံ့ပျား စားကျက်များရှာဖွေကာ ပတ်သွားနေကြကြောင်း ပျားလုပ်ငန်းရှင်များထံမှ သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)