ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာတွင်  နိုင်ငံကျော်ကာတွန်းပညာရှင်များက နွေပန်းခင်းပန်းချီနှင့် ကာတွန်းပညာ အခြေခံသင်တန်း ဖွင့်လှစ်ပေးလျှက်ရှိ

ကျောက်ပန်းတောင်း ၁၅ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာအုပ်စု၊ လက်ပန်ပင်ကျေးရွာ တိုက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် နိုင်ငံကျော်ပန်းချီပညာရှင်များဦးဆောင်၍ ကလေးငယ်များအား အခြေခံကာတွန်းပန်းချီရေးဆွဲနည်းနှင့်ပန်း(၁၀)မျိုးအကြောင်းတို့ကို ပညာဒါနအဖြစ် သင်ကြားပေးလျှက်ရှိရာ၊ မတ်လ(၁၄)ရက်နေ့က ကလေးများစိတ်ဝင်စား သွာတက်ရောက်သင်ကြားလျှက်ရှိသည်ကို တွေ့ရသည်။

 

အဆိုပါ အခြေခံကာတွန်းပန်းချီသင်တန်းကို လက်ပံပင်တိုက်ကျောင်းဆရာတော် ဘဒ္ဒ န္တလာဘသာမိ က၊ နွေရာသီ ကာလကလေးများ အချိန်ကို အကျိုးရှိရှိကုန်လွန်စေရန်နှင့်ဉာဏ်ရည်ထက်မြက်မှုရှိစေရန်ရည်ရွယ်၍ နိုင်ငံကျော်ကာတွန်း ပညာရှင်များ၏အကူအညီဖြင့် နွေပန်းခင်း ပန်းချီနှင့်ကာတွန်းပညာအခြေခံသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရပြီး၊ သင်တန်းကို (၁၂-၃-၂၀၁၉)ရက်နေ့ ညနေကစတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သင်တန်းကို ကာတွန်း ဆရာကြီးအောင်အောင်(ရွှေဂေါင်းပြောင်)၊ပန်းချီဆရာကြီးကောင်းစံ(မနောမယဂျာနယ်)တို့ကြီးမှူးပြီး၊ကာတွန်းခင်မောင်တင့်၊ ကာတွန်းရွှေရိုး၊ကာတွန်းလုံးကြီးတင်နှင့် ကာတွန်းစောနိုင်ထူးတို့က ကြီးကြပ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။ 

 

“ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပန်းချီပညာကို နေရာဒေသမရွေး၊ အသက်အရွယ်မရွေးအတွက် ပြန့်ပွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ ပညာဒါနပြုတဲ့သဘောပါပဲ။အနုပညာသက်သက်ပါ၊ ဘာအရောင်အသွေးမှမပါဘဲ ကလေးတွေအတွက်နွေရာ သီအားလပ်ရက်ကို အကျိုးရှိအောင် ကိုယ်တတ်တဲ့ပညာနဲ့ ဖန်တီးပေးတာပါ” ဟု မန္တလေးမှလာရောက်သင်ကြားပေးနေသည့် ကာတွန်းဆရာဦးခင်မောင်တင့်ကပြောသည်။ အဆိုပါသတန်းကို ကျေးရွာအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတွင်းမှ ဦးသန်းစိုး၊ မြအေးဆိုသူတို့က ကမကထပြုဆောင်ရွက်နေကြပြီး၊ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် တိုက်ကျောင်းဆရာတော်က ဗုဒ္ဓဘာသာယာဉ်ကျေးမှု သင်တန်းဖွင့်လှစ်သင်ကြားပေး၍ ညနေပိုင်းတွင် ကာတွန်း/ပန်းချီသင်တန်းကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်းသိရပြီး၊ ကလေးငယ်များ စိတ်ဝင်စားစွာ တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာတွန်း/ပန်းချီအခြေခံသင်တန်းသို့ လက်ပန်ပင်၊ မြေဇွန်း၊ ထန်းတောကြီး၊ ရွာသစ်၊ တောင်ဇင်နှင့် စပါယ်ပင် ကျေးရွာများမှ ကလေးငယ်များအပြင်၊ မြို့ပေါ်မှ သာယာအေး၊ ပြည်တော်သာ၊ လွတ်လပ်ရေးရပ်ကွက်များမှ ကလေးငယ်များပါ လာရောက်သင်ကြားလျှက်ရှိကြောင်းသိရပြီး၊ ယနေ့အထိ သင်တန်းသား စုစုပေါင်း(၁၆၀)ဦးရှိကြောင်းနှင့် သင်တန်းကာလမှာ (၁၂-၃-၂၀၁၉) ရက်နေ့မှ (၃၀-၃-၂၀၁၉)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

 

နေအောင်(iprd)

 

1110