ကျောက်ဖြူ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၊ NRC အအေးခန်းစက်ရုံကြီးအနီး၊ ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီး ရေမျောကမ်းတင်နေကြောင်း သတင်းအရ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ အဆိုပါစက်လှေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်ပျက်၍ မျောပါလာသည့် ငါးဖမ်းစက်လှေဖြစ်ကြောင်း သိရသည်။
အဆိုပါငါးဖမ်းစက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့မှဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်က ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် စက်ချို့ယွင်း၍ ရေစီးနှင့်အတူ မျောပါ ရောက်ရှိလာခြင်းဖြစ်ပြီး စက်လှေပေါ်တွင် အမျိုးသား ခြောက်ဦးနှင့် ငါးဖမ်းပိုက်များ၊ ဆီဘူးများနှင့် ချို့ယွင်းနေသောစက်အား တွေ့ရှိခဲ့သည်။
ထိုသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေသားခြောက်ဦးအား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။ အဆိုပါ လှေသားခြောက်ဦးကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးနှင့် လိုအပ်ချက်များ စစ်ဆေးဆောင်ရွက်ကာ စားသောက်ရေးများ စီစဉ်ပေးထားပြီး ချို့ယွင်းနေသော စက်အားပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း


