ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ နှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် ညောင်ရွှေ- ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တံတားတစ်စင်း ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်း အကုန်အကျခံကာ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ပုဂံနန်းတော် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ညောင်ရွှေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် တံတားဆောက်လုပ်ပေးခြင်းဖြင့် အဆိုပါလမ်းအား အသုံးပြုလျက်ရှိသော ဒေသခံပြည်သူများ၏ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက် အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်တော့မည့်အပြင် ညောင်ရွှေ၊ ကြက်လျှာ၊ နေပူရွာတို့မှ အိမ်ထာင်စု (၃၈၆)စုမှ လူဦးရေ(၁၅၉၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများလည်း ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


