ကျောက်ဆည် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သစ်တောလွှမ်းခြုံမှု ပိုမိုရရှိပြီး သဘာဝဂေဟစနစ် ထိန်းသိမ်းနိုင်ရေး ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများ၏ နေအိမ်ဝင်းများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့် ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်ထားပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
လူထုဖြန့်ပျိုးပင်များ အခမဲ့ဖြန့်ဝေရာမှာ "ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ပြည်သူမျာရဲ့ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာ ရုံးဝင်းများအတွင်းနှင့် ဘုန်းတော်ကြီးကျောင်းတွေမှာ စိုက်ပျိုးဖို့အတွက် ကျွန်း (၃၀၀၀) ပင်၊ တမာ (၁၄၀၀၀) ပင်၊ မယ်ဇလီ (၃၀၀၀) ပင်၊ အာသောက (၃၀၀၀) ပင်၊ ရေတမာ (၆၀၀၀) ပင်၊ မယ်ဇယ် (၇၅၀၀) ပင်၊ စိန်ပန်း (၄၀၀၀) ပင်၊ ခရေ (၁၀၀၀) ပင်၊ ငုရွှေဝါ (၃၀၀၀) ပင်၊ လျှော်ဖြူ (၁၀၀၀) ပင်၊ သစ်ဆိမ့် (၁၅၀၀) ပင်၊ ပင်လယ်ကဗွီး (၃၀၀၀) ပင် စုစုပေါင်း ပျိုးပင်အမျိုးအစား (၁၂) မျိုး၊ ပျိုးပင်အရေအတွက် (၅၀၀၀၀) ပင် ပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်" ဟု မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထက်လင်းက ပြောသည်။
ထိုသို့ ပျိုးလူထုဖြန့်ပျိုးပင်များကို ၂၀၂၁ ခုနှစ် ဇွန်လမှစတင်ပြီး ဖြန့်ဝေလျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း (၅၀၀၀၀) ဖြန့်ဝေပြီးကြောင်းနှင့် ပြည်သူများ ထင်းလုံလောက်မှု ရှိစေရေးအတွက် ရဲယမန်းတောင်ပေါ်ဒေသဖြစ်သည့် ရဒါန်းချောင်းဆုံမြောက်ပိုင်း ကြိုးဝိုင်းအကွက်အမှတ် (၂၀) နှင့် (၂၁) တွင် ကျေးရွာထင်း စိုက်ခင်းအဖြစ် မြေဧက (၈၀) ၌ ယူကလစ်ပျိုးပင် (၉၆၁၆၀) ပင်နှင့် ရှားပင် (၂၀၀၀၀) ပင် စုစုပေါင်း (၁၁၆၁၆၀)ပင် စိုက်ပျိုးထားကြောင်း သိရှိ ရသည်။
သက်မောင်(ကျောက်ဆည်)


