ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဧပြီ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မင်းရပ်အုပ်စု၊ သစ်ကြီးတန်းရပ်ကွက် နယ်မြေ(၁၁)နှင့် နယ်မြေ(၁၂)၌ မဟာသင်္ကြန်ပွဲတော် အကြိုနေ့ ဧပြီ ၁၃ ရက် နံနက် ၈ နာရီက မြန်မာတို့၏ ရိုးရာထုံးတမ်းအစဉ်အလာအရ အသက်(၇၄)နှစ်အထက် သက်ကြီး အဘိုး၊ အဘွားများအား သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

 

သက်ကြီးပူဇော်ပွဲတွင် လယ်ပြင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အဘိုးဦးညွှန့်ရွှေနှင့် ဦးအောင်ကြီးတို့မှ ဩဝါဒဆုံမစကားများနှင့် မုဒိတာ မေတ္တာစကားများ ပြောကြားခဲ့ပြီး မင်းရပ်၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အလှူရှင်များက အသက်(၇၄)နှစ်အထက် အဘိုး(၃)ဦး၊ အဘွား(၁၉)ဦး စုစုပေါင်း(၂၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၆၅၀၀၀ နှင့်အတူ လှူဖွယ်ပစ္စည်းများဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

 

ကျောက်ဆည်မြို့ မင်းရပ် ရပ်ကွက်အုပ်စုတွင် နယ်မြေ(၁၂)ခု၊ အိမ်ထောင်ခြေ ၁၅၀၀ ကျော်ရှိပြီး နယ်မြေ(၁/၂/၃)တွင် အဘိုး၊ အဖွား (၂၇)ဦး၊ နယ်မြေ(၄/၅/၆/၇)တွင် အဘိုး၊ အဖွား (၆၅)ဦး၊ နယ်မြေ (၈/၉/၁၀)တွင် အဘိုး၊ အဖွား (၂၃)ဦး၊ နယ်မြေ(၁၁/၁၂)တွင် အဘိုး၊ အဖွား (၂၂)ဦးရှိကြောင်းနှင့် သက်ကြီး အဘိုး၊ အဘွားများအား နယ်မြေအလိုက် စုရပ်များ သတ်မှတ်ပြီး ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက် (ကျောက်ဆည်)