ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် မန္တလေးမြို့လုံးအနှံ့ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား


မန္တလေး မေ ၂၂
ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသောနေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂ စေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ မန္တလေးမြို့လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင်တော်မြတ်အား ရေတော်ဆရာတော် အမှူးပြု၍ ဘုရားကြီးမျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ဂေါပကအဖွဲ့ဝင်များ၊ ရဟန်းရှင် လူပြည်သူများ ဓမ္မစင်္ကြာဝတ် အသင်းများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူ ပူဇော်ခြင်း၊ ခုနှစ်နေ့နံဘုရားများတွင် ရေသပ္ပါယ်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကျင်းပရာ နံနက် ၆ နာရီမှစတင်၍ နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါး စီဖြင့် မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပွဲများကို သတ်မှတ်မင်္ဂလာ မဏ္ဍပ်များ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပရာ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကိုသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူကြသည့် ပုံရိပ်များသည်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကြည်ညိုဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်ကြရ သည်။
အလားတူ မန္တလေးမြို့တွင်းရှိ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟ ဘုရား၊ ကျောက်စိမ်း စေတီတော်၊ အောင်တော်မူမြတ်စွာဘုရား၊ ချမ်းသာကြီးဘုရားနှင့် ချမ်းသာရဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒိသာ ကြာဆံဟင်း၊ ရေသန့်၊ အချိုရည်များဖြင့် လှူဒါန်းတိုက်ကျွေးကြသည်။
ထို့အတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်၊ မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်တို့တွင်လည်း ညောင်ရေသွန်း လောင်းပူဇော်ပွဲ များကျင်းပကြပြီး ညောင်ရေသွန်းလောင်း ပူဇော်ကြသူများနှင့်ဘုရားဖူးလာ ပြည်သူများကို အလှူရှင်များက အအေးစတုဒိသာများဖြင့် တိုက်ကျွေးကုသိုလ်ပြုကြသည်။ 
ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည့် မဟာဗောဓိညောင်ပင်များ၌လည်း ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် မန္တလေးမြို့လုံးအနှံ့ စည်ကားလျက် ရှိကြောင်းသိရသည်။
မင်းထက်အောင်