၂ သြဂုတ်
မောင်မိုးသူတို့ စာပေလောကမှာ စာရေးဆရာ၊ ပန်းချီဆရာနှင့် ကာတွန်းဆရာတို့ဟာ တစ်လှေတည်းစီး ပြီး တစ်ခရီးတည်းသွားကြသူများဖြစ်ပါတယ်။ အလွန်လည်း ခင်မင်ရင်းနှီးကြသူများ ဖြစ်ပါတယ်။ မြန်မာ့ကာတွန်းလောကတွင် (ရွှေတလေး)ရွှေရိုးသည် အစောဆုံး ကာတွန်းဆရာဟု ဆိုကြပါတယ်။ သူ့အကြောင်း၊ သူ့ကာတွန်းများ၊ သူ့ရုပ်ရှင်များနှင့် သူ့ရဲ့ထူးခြားပြောင်မြောက်သည့်အကြောင်းအရာများကို လူထုဒေါ်အမာ ရေးသားထားတဲ့ စာအုပ်ကြီးမှာ ဖတ်ရသိရပါတယ်။ မောင်မိုးသူ စာပေလောကကို ရောက်ရှိလာချိန် ကာတွန်းဆရာဦးဘဂျမ်း၏လက်ရာများကို အများကြီးအများကြီး တွေ့ရပါတယ်။ ဆရာဦးဘဂျမ်းဟာ နိုင်ငံရေး၊ စီးပွားရေးမှအစ အားလုံးပြောင်မြောက်စွာ ရေးဆွဲနိုင်သည့် ကာတွန်း ဆရာကြီးဖြစ်ပါတယ်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ၁၃ လမ်းက ဆရာဦးဘဂျမ်းရဲ့ ကာတွန်းပြပွဲများ ယခုထက်တိုင် ဆက်လက်ကျင်းပနေကြခြင်း ဖြစ်ပါတယ်။
မြန်မာပြည်၏ ကာတွန်းဆရာကြီးများ
ဆရာဦးဘဂျမ်းကို မောင်မိုးသူကိုယ်တိုင်ကိုယ်ကျ သိကျွမ်းခင်မင်ခြင်းမပြုခဲ့ရပါ။ မြန်မာပြည်ကာတွန်း လောကတွင် မောင်မိုးသူ အရင်းနှီးဆုံး စတင်သိကျွမ်းရသည့် ကာတွန်းဆရာကြီးမှာ ဆရာကြီး ဦးဟိန်စွန်း ဖြစ်ပါတယ်။ ဆရာကြီးဦးဟိန်စွန်းဟာ ပိန်ပိန်ပါးပါး အရပ်အရှည်ကြီးဖြစ်ပြီး မောင်မိုးသူတို့လို လူငယ်များနှင့်တွေ့ဆုံတိုင်း ရယ်စရာများပြောလေ့ပြောထရှိသူဖြစ်ပါတယ်။ ထို့ကြောင့် မောင်မိုးသူတို့တစ်တွေ ဆရာ ဦးဟိန်စွန်းနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ သူ့ထံတွင်ရယ်စရာစကားများကိုသော်လည်းကောင်း နားထောင်ရန် စိတ်ဝင်စားသဖြင့် ဆရာဦးဟိန်စွန်းနှင့်တွေ့ရတိုင်း ပျော်ရွှင်ကြည်နူးရပါတယ်။ နောက်ထပ်ကာတွန်း ဆရာကြီး ဦးဖေသိန်းနှင့် မိသားစုတစ်စုလုံးနှင့်ပါ ရင်းနှီးခင်မင်ရသူဖြစ်၍ ဦးဖေသိန်းစာအုပ်များထုတ်ဝေတိုင်း စာအုပ်ပွဲများသို့ မောင်မိုးသူ အမြဲတမ်းတက်ရောက်စကားပြောရခြင်းရှိပါတယ်။ ဦးဖေသိန်း၏ဇနီး ဒေါ်ခင်လေးနွယ်ကလည်း သူထွက်သမျှစာအုပ်တိုင်းကိုအမြဲပေးသည့်အပြင် ပွဲတိုင်းကို အမြဲခေါ်လေ့ရှိပါတယ်။ ဆရာဦးဖေသိန်းအိမ်တွင် ပြုလုပ်ကျင်းပလေ့ရှိသော ကာတွန်းဆရာကြီးများ ကန်တော့ပွဲများကို မောင်မိုးသူအမြဲရောက်လေ့ရှိပါတယ်။
ဆရာဦးဘဂျမ်း၏ ဗမာ့ခေတ်သတင်းစာနှင့်တကွ သတင်းစာများ၊ စာစောင်များ ရေးသားစဉ်က သူ့စာများ၊ သူ့ကာတွန်းများ ဖတ်ရှုစဉ်က လူချင်းမဆုံစည်းဖြစ်ခဲ့ပါ။ မန္တလေးလူထုကြီးပွားရေး သတင်းတိုက်မှ ထုတ်ဝေသော စာအုပ်များကို လူထုတိုက်ရဲ့ သားသမီးတစ်ဦးလိုဖြစ်သည့် မောင်မိုးသူ အမြဲတမ်းရ ရှိခဲ့ပါတယ်။
ဗမာ့ခေတ်သတင်းစာကို မောင်မိုးသူကောင်းစွာ မမီလိုက်သည့်နည်းတူ ကာတွန်းဆရာကြီး ဦးသန်းကြွယ်ရဲ့ကာတွန်းများကို ဖတ်ရှုရပြီး လူကိုယ်တိုင် သိကျွမ်းခင်မင်မှုမရရှိခဲ့ပါ။ ကြေးမုံသတင်းစာခေတ်တွင်မူ ကယ်ရီကေးချားပုံများမှ ခွဲထွက်ပြီး တစ်ကြောင်းဆွဲ ကာတွန်းများဖြင့် ရေးဆွဲလေ့ရှိသော ကာတွန်းဆရာကြီး ဦးဘထွေးကိုလည်း ခင်မင်သိကျွမ်းခွင့်မရခဲ့ပါ။
ကာတွန်းဆရာကြီး ဦးဘဂျမ်း၊ ကာတွန်းဆရာကြီး ဦးသန်းကြွယ်တို့နှင့် မသိကျွမ်းခဲ့ရ သော်လည်း လူထု၏တပည့်သားမြေး ကာတွန်းဆရာ အားလုံးနှင့် မောင်မိုးသူ ခင်မင်ရင်းနှီးခဲ့ရပါတယ်။ ၄င်းကာတွန်းဆရာများတွင် အခင်မင်အရင်းနှီးဆုံး ကာတွန်းဆရာမှာ မြန်မာပြည်ကာတွန်းလောကတွင် ကာတွန်းဇာတ်ရုပ်များ အများဆုံးရေးဆွဲခဲ့သည့် ကာတွန်း ဦးအောင်ရှိန်နှင့်အလွန်ရင်းနှီးခဲ့ရပါတယ်။ ကာတွန်းဆရာ ဦးအောင်ရှိန်သည် မြန်မာပြည်ကာတွန်းလောကတွင် ကြေးမုံသတင်း စာတိုက် ကြေးမုံခင်တွင် ပုံများရေးဆွဲခဲ့ သည့်နည်းတူဘားမားစတားစာစောင်တွင်လည်း ဦးလူပေါ၊ ဦးလူချောတို့၏ ကာတွန်းများကို ဖတ်ရှုသဘောကျခဲ့ ရပါတယ်။ ဦးလူပေါ မှာ ကတုံးနှင့်ဖြစ်ပြီး ဦးလူချောကမူ ဆံပင်နှင့်ဖြစ်ပါတယ်။
ကာတွန်းအောင်ရှိန်နှင့် ရုပ်ရှင်
ဆရာ ဦးအောင်ရှိန်သည် ကာတွန်းဇာတ်ရုပ်များ အများဆုံးဖန်တီးခဲ့သည့် ကာတွန်းဆရာကြီးဖြစ်ပါတယ်။ ဆရာ ဦးအောင်ရှိန်က သူ၏လက်မှတ်ကို အမြဲတမ်း အိမ်မြှောင်ပုံကလေးနှင့် ရေးဆွဲလျက်ရှိသည်ကို တွေ့မြင်ခဲ့ရပါတယ်။ ဘာကြောင့် အဲဒီလိုရေးရပါသလဲဟု မေးမြန်းကြည့်ဖူးရာ သူသည် အိမ်မြှောင်ကို ကြောက်တတ်သော ကြောင့် အိမ်မြှောင်ပုံလေး ဆွဲလေ့ရှိကြောင်း ပြောပြ၍ သိရှိခဲ့ရဖူးပါတယ်။
ကာတွန်းအောင်ရှိန်က အိမ်မြှောင်ပုံနှင့် ဖော်ပြသည့်နည်းတူ နာမည်ကျော် ပန်းချီဆရာကြီး ပန်းချီအောင်စိုးသည်လည်း သူ၏လက်မှတ်ကို မြန်မာအမျိုးသမီးတို့၏ ပါးကွက်အမှတ်အသားကို ရေးဆွဲလေ့ရှိကြောင်း မှတ်မှတ်ရရ သတိထားမိခဲ့ပါတယ်။ ကာတွန်း ဆရာဦးအောင်ရှိန် ခေတ်ကောင်းစဉ်ကာလက ဦးကပ်စေး ကာတွန်းများ၊ ဦးစိတ်တိုနှင့် မျောက်ညိုကာတွန်းများ၊ သိပ္ပံဆရာကြီး ဦးဆိတ်ဖြူကာတွန်းများ ရေးဆွဲခဲ့သည့်အပြင် ဦးအောင်ရှိန်၏ အထင်ရှားဆုံးကာတွန်းဇာတ်ရုပ်တစ်ခုမှာ မှားတဲ့အခါလည်း မှားပေမပေါ့ဆိုသည့် လက်သုံးစကားကို သုံးစွဲပြီး ရေးဆွဲလေ့ရှိသော စုံထောက်ကြီး ဦရှံစားနှင့် သူ၏လက်စွဲတော် ဦးသိန်းမောင်တို့နေရာတွင် ဦးဒိန်းဒေါင်ဟု သရော်ရေးသားခဲ့သည့် ဇာတ်လမ်း များမှာ အလွန်ထင်ရှားပြီး ၄င်းမှားတဲ့အခါလည်း မှားပေမပေါ့ ဇာတ်ကားကို ဒါရိုက်တာဦးကျော်စိုး ( မြိတ်က လာတဲ့ ငံပြာရည်)က ရုပ်ရှင်ကားအဖြစ် ရိုက်ကူးပါတယ်။
ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရာတွင် ဦးရှံစား နေရာတွင် ဦးသန်းနွဲ့၊ မြင့်ဖေက ဒိန်းဒေါင်အဖြစ်နဲ့ ရိုက်ကူးပါတယ်။ မြိတ်ကလာတဲ့ ငံပြာရည်မှာ မောင်မိုးသူနှင့်အလွန်ရင်းနှီးသူဖြစ်ပါတယ်။ မှားတဲ့အခါလည်း မှားပေမပေါ့ ဇာတ်ကားရိုက်ကူးရန်အတွက် ဒါရိုက်တာ ဦးကျော်စိုးနှင့် မောင်မိုးသူတို့ ရန်ကုန်မှတက်လာပြီး ကိုသန်းနွဲ့ကို သွားရောက်ပြီးကြိုဆိုရပါတယ်။ ရထားပေါ်မှဆင်းလာသော ကိုသန်းနွဲ့က အလွန်မူးနေပြီဖြစ်ပါတယ်။ မူးနေပြီး ဒါရိုက်တာဦးကျော်စိုးကို အမျိုးမျိုးရစ်နေရာ ဦးကျော်စိုးက “ကိုသန်းနွဲ့ ကိုသန်းနွဲ့ ခင်ဗျားကျုပ်ကိုသိပ်မရစ်နဲ့၊ နောက် ကျုပ်ကိုသိပ်ရစ်ရင် ဦးရှံစားနေရာကိုကိုမြင့်ဖေကို ထည့်ရိုက်ပြီး ဒိန်းဒေါင်နေရာကို ကျုပ် ကိုမိုးသူကို ထည့်ရိုက်မှာ” လို့ ပြောပါတယ်။ ၄င်းအချိန်က မင်းသား ကိုသန်းနွဲ့သည် ရုပ်ရှင်လောကတွင် အထင်ရှားဆုံး လူရွှင်တော်တစ်ဦးဖြစ်ပြီး သူ၏မိသားစုတစ်စုလုံးနှင့်လည်း မောင်မိုးသူ ရင်းနှီးပါတယ်။ အဲဒီတော့မှ ကိုသန်းနွဲ့က “မိုးသူကိုတော့ ထည့်မရိုက်ပါနဲ့ဗျာ၊ ကျုပ်ပဲ ရှံစား လုပ်ပါမယ်” ဟု ပြောဖူးတာကို အမှတ်ရမိပါတယ်။
ကာတွန်း ဦးအောင်ရှိန်သည် ကာတွန်းလောကတွင်အလွန်အောင်မြင်ထင်ရှားသူတစ်ဦးဖြစ်ပြီး တစ်ကြိမ်တစ်ခါက ကာနယ်ဇင်းစာစောင်တစ်ခုတွင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ၄င်းကာနယ်ဇင်း မဂ္ဂဇင်းတွင်မောင်မိုးသူတို့လည်း ဆောင်းပါးများ၊ ရယ်စရာများ သွားရောက်ပေးပို့ရပါတယ်။ အဲဒီအချိန်က ကာနယ်ဇင်းတိုက်၏ အလွန်ချောမောလှပသော စာရေးမ ချောချောကိုမောင်မိုးသူတို့ သွားရောက်ငမ်းခဲ့ရသည့် အဖြစ်ကိုဦးအောင်ရှိန်က သိပါတယ်။ ၄င်းအမျိုးသမီးနှင့် ဦးအောင်ရှိန်တို့ အိမ်ထောင်ကျပြီး သားကလေးတစ်ယောက်ထွန်းကားပါတယ်။ တစ်နေ့ ဦးဖေသိန်းအိမ် ဆရာကန်တော့ပွဲတွင် ဦးအောင်ရှိန်က သူ့သားနှင့် မောင်မိုးသူကို မိတ်ဆက်ပေးပြီး “ဟိတ်ကောင် သား အဲဒီ မိုးသူဆိုတဲ့ကောင်က မင်းအမေကို ပိုးခဲ့ဖူးတဲ့ကောင်ပေါ့” ဟလှောင်ပြောင်ပြောဆိုပါတယ်။
အလွန်ကောင်းမွန်သေသပ်စွာ ထုတ်ဝေနိုင်စွမ်းရှိသူ
ကာတွန်း အောင်ရှိန်၏ တပည့်များဖြစ်သည့်အရက်ကြိုက်သော သောက်တတ်သော ဝသုန်နှင့်ရင်းနှီးရသည်။ အရက်မသောက်သော သော်ကနှင့်လည်း မောင်မိုးသူ အလွန်ရင်းနှီးပါတယ်။ အဲဒီအချိန်က ကာတွန်း သော်ကသည် သူ၏ “အရိုင်း” ကာတွန်းစာအုပ်များကိုအရိုင်းစာပေတိုက်ပိုင်ရှင် ကိုမင်းဆွေက ဒိုင်ခံထုတ်ဝေပါတယ်။ အရိုင်းကာတွန်းစာအုပ်များမှာ အလွန်အောင်မြင်သော စာအုပ်များဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ထုတ်လုပ်သူ ကိုမင်းဆွေမှာ မောင်မိုးသူနှင့် အလွန်ရင်းနှီး သူဖြစ်ပါတယ်။ ကိုမင်းဆွေမှာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် အလွန်ကောင်းမွန်သေသပ်စွာ ထုတ်ဝေ နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။
ကိုမင်းဆွေတိုက်တွင် မောင်မိုးသူဘာသာပြန်စာအုပ်များကို ထုတ်ဝေခဲ့ဖူးပါတယ်။ အဲဒီအချိန်က မတရား ရင်းနှီးသွားသည့် သော်ကနှင့် မောင်မိုးသူတို့ ကာတွန်း ရုပ်ရှင်ဖန်တီးရန် နှစ်ဦးပေါင်းစပ်ကြိုးစားခဲ့ဖူးပါတယ်။ မောင်မိုးသူ ရုပ်ရှင်လောကတွင် အဓိကရိုက်ကူးသည့်အယ်ဒီဖလိုက်ကင်မရာများသည် တစ်ကွက်ချင်း ရိုက်ကူး၍မရပါ။ ကာတွန်းပုံများကို ဖလင်ကော်ပြားပေါ်တွင်တစ်ကွက်ချင်းရေး၍ လှုပ်ရှားမှုများကို တစ်ကွက်ချင်းရိုက်ရမည်ဖြစ်သောကြောင့် အခက်အခဲတွေ့ရပါတယ်။ ၄င်းအချိန်က တစ်ကွက်ချင်းရိုက်ကူးသည့်စက် ဖန်တီး၍ မရသည့်အတွက် မောင်မိုးသူနှင့်သော်က ရိုက်ကူး၍ မရခဲ့ပါ။ ထိုအချိန်က စာပေလောကထဲသို့ မောင်မိုးသူတစ်ယောက် နတ်နွယ်ကို အကြောင်းပြုပြီး ရောက်ရှိပါတယ်။ ကိုနတ်နွယ်က အဲဒီအချိန်က စုံထောက်မဂ္ဂဇင်းကိုကိုမိုးဝေနှင့်အတူ စီစဉ်ထုတ်ဝေကြပြီး ကန်တော်ကလေးရှိကိုတင်အောင် မစမ်း၏ ပုံနှိပ်တိုက်တွင် တိုက်ထိုင်ရပါတယ်။ ကိုတင်အောင် မစမ်းတိုက်မှလည်း မောင်ကမ္ဘာ ကာတွန်းများ၊ ကာတွန်းစာအုပ်များ ပုံမှန်ထွက်ပါတယ်။ ဦးအောင်ရှိန်၏ကာတွန်းများကို ဦးဘရီ သမီးများတိုက်မှထုတ်ဝေဖြစ်ပါတယ်။ ကန်တော်ကလေးရှိ သီရိမင်္ဂလာ ပုံနှိပ်တိုက်မှ မီးရထားခုံးကျော်သံတံတားကြီးကို ကျော်ဖြတ်လိုက်ရင် ဒီဘက်က ရေကျော်ဝတ်ကျောင်းလမ်းကိုရောက်ရှိပါတယ်။ ဝတ်ကျောင်းလမ်းတွင် ဘလောက်လုပ်ငန်းလုပ်ကိုင်သူ ဦးခင်ကျော်က စာရေးဆရာ မောင်သက်နောင်နဲ့ မောင်သိန်းဆိုင်တို့ကို အယ်ဒီတာအဖြစ် ခန့်အပ်ပြီး ဆယ့်ခြောက်ချိုး တစ်ကျပ်တန်မဂ္ဂဇင်း တစ်စောင် ထုတ်ဝေပါတယ်။ ၄င်းလျှို့ဝှက်သည်းဖိုမဂ္ဂဇင်းသည် ဘလောက်တိုက်ပိုင်ရှင်ဦးခင်ကျော်က ထုတ်ဝေနေသည့်တိုက်ဖြစ်ပေရာ ဘလောက်များ အများ ဆုံးအသုံးပြုနိုင်သည့်နည်းတူ မြန်မာပြည်ပန်းချီဆရာ၊ ကာတွန်းဆရာများကိုလည်း အများဆုံးမွေးဖွားခဲ့သည့်တိုက်တစ်ခုဖြစ်ပါတယ်။ ရန်ကုန်ကာတွန်းဆရာများ အကြောင်းကို ဒီတစ်ပတ် ဒီလောက်ပဲရေးသားပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ပတ် မန္တလေး ကာတွန်း ဆရာများအကြောင်း ရေးသားချင်၍ ဖြစ်ပါတယ်။
မောင်မိုးသူ