ကားလို့စ်ဂိုဆင်၏ ဇနီးသည်ကိုဖမ်းဆီးရန် ဂျပန်က အင်တာပိုထံ အကူအညီတောင်း

တိုကျို ၁၁ ဇန်နဝါရီ

နစ်ဆန်းမော်တော်ကားကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂိုဆင်၏ ဇနီးသည် ကို ဖမ်းဆီးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်စုံစမ်းစစ်ဆေးရေးမှူးများက နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုထံ အကူအညီတောင်းခံခဲ့သည်။

 

ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၌ ကားလို့စ် ဂိုဆင်ကို စွဲချက်တင်ခဲ့သည်။ ၎င်းသည့် အာမခံဖြင့်နေထိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ တရားမဝင် ထွက်ခွာသွားခဲ့သည်။ ဇန်နဝါရီ ၇ ရက်တွင် အစိုးရရှေ့နေများက မုသားသက်သေခံခြင်း သံသယဖြင့် ဖမ်းဆီးရန် ကားလို့စ်ဂိုဆင်၏ဇနီး ကာရိုးလ်ဂိုဆင်အတွက် ဖမ်းဝရမ်းတစ်ခု ရရှိခဲ့သည်။ ကာရိုးလ်သည် ခင်ပွန်းဖြစ်သူ၏ အမှုနှင့်စပ်လျဉ်းသည့် အထောက် အထားများကို ဖျက်ဆီးခဲ့သည်ဟု ဂျပန်စုံစမ်းစစ်ဆေးရေးမှူးများက သံသယ ရှိနေကြသည်။

 

ကားလို့စ်ဂိုဆင်၏ ဇနီးသည်အတွက် ဆင့်ခေါ်စာတစ်စောင်ထုတ်ပေးရန် တိုကျိုမြို့တော်ရှိ အစိုးရရှေ့နေများက အင်တာပိုထံ တောင်းဆိုခဲ့သည်။ ကားလို့စ်ဂိုဆင်မှာ လက်ရှိအချိန်တွင် လက်ဘနွန်နိုင်ငံ၌ရှိနေပြီး ဂျပန်အစိုးရ ရှေ့နေများက သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထားရန် ရည်ရွယ်သည်။ ထို့ပြင် ကားလို့စ်ဂိုဆင် အသုံးပြုခဲ့သော လက်တော့ပ်တစ်လုံးကို သိမ်းဆည်းရန် အစိုးရ ရှေ့နေများက ဇန်နဝါရီ ၈ ရက်တွင် တရားရုံး၏ တရားဝင်အမိန့်တစ်ရပ် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ကားလို့စ်ဂိုဆင်၏ ရှေ့နေများက လက်တော့ပ် ကို အစိုးရရှေ့နေများထံတင်သွင်းရန် ငြင်းဆိုခဲ့သည်။

 

အမှုသည်၏အတွင်းရေးကို အကာအကွယ်ပေးနိုင်ရန် ယင်းကဲ့သို့ လက်တော့ပ်သိမ်းယူမှုကို ငြင်းဆန်ရန် တရားခံ၏ရှေ့နေများကို တရားဝင် ခွင့်ပြုထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး