ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံရေးစခန်းတွေလည်း ဖွင့်ထားပြီ၊ လူတွေလည်း အဆင်သင့်ဖြစ်နေပြီ၊ကျွန်တော်တို့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေက အားလုံးအဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့် လာမယ့်ရက်ကိုပဲ စောင့်ဖို့လိုပါတယ်

နေပြည်တော် ၂၄ ဇန်နဝါရီ 

ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရစိစစ်ပြန်လည်လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းများ အသင့်ရောက်ရှိနေမှု အခြေ အနေများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များပါဝင်သောအဖွဲ့သည် ဇန်နဝါရီလ ၂၄ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာကြသည်။

ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အပိုင်းက အဆင်သင့်ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားသည်-

 

 

မေး။ ။ အခုဆိုရင် ရခိုင်ပြည်နယ်အတွက် ရွှေ့ပြောင်း သူတွေကို ပြန်လည်လက်ခံဖို့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားပေး စေလိုပါတယ်။

ဖြေ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့အတွက် အစီအစဉ်ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက် လိုအပ်ပါတယ်။ အဲဒီနှစ်နိုင်ငံ သဘောတူညီချက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ပြီး သားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံသဘော တူညီချက်ဖြစ်ပါတယ်။ တိမ်းရှောင်သွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ပါ။ အဲဒါကိုလည်း သဘောတူဆောင်ရွက်ပြီးပါပြီ။ သဘောတူစာချုပ်လည်း လုပ်ပြီးပါပြီ၊ အဲဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း နှစ်နိုင်ငံ Joint Working Group တွေ၊ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မယ့်အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးပါပြီ၊ အစည်းအဝေး လုပ်ပြီးတော့ သဘောတူညီချက်လည်း ရခဲ့ပါတယ်။ အဲဒီသဘောတူ ညီချက်ရတဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ ကျွန်တော်တို့က ဒီဘက်ကနေ ပြန်လည်လက်ခံနိုင်တယ်ဆိုတဲ့ စာရင်းတစ်ခုကို ပေးလိုက်ပါတယ်။ အဲဒီမှာ မူဆလင် ၇၅ဝ နဲ့ဟိန္ဒူ ဘာသာ ကိုးကွယ်တဲ့သူတွေ ၅ဝ၈ ဦး ပါဝင်ပါတယ်။ ဒါကို စာရင်းလည်းပေးလိုက်တယ်။

ပြန်လည်လက်ခံတဲ့နေရာမှာ နှစ်နိုင်ငံ သဘောတူညီ ချက်အရဆိုရင် စာချုပ်ချုပ်ပြီးတော့ နှစ်လအတွင်းမှာ စတင်နိုင်ပါတယ်။ စတင်လို့ရပြီဆိုတဲ့အတွက်ကြောင့် အဲဒီရက်က ဇန်နဝါရီလ ၂၃ ရက်ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်မှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘော တူညီချက်အရ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြင်ဆင်ခဲ့ပါတယ်။ အဆင်သင့် ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်တော့ ဇန်နဝါရီလ ၂၃ ရက်နေ့ မှာ ကျွန်တော်တို့လက်ခံဖို့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် နှစ်နိုင်ငံသဘောတူညီချက်ထဲမှာပဲ ပြန်လည်လက်ခံဖို့ အတွက် လူတွေကို ပို့တဲ့အခါမှာ ကျွန်တော်တို့မှာ အစီ အစဉ်နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ တကယ်ပုံမှန် လုပ်မယ့် အဓိကလုပ်တဲ့ကိစ္စက တစ်ဖက်နိုင်ငံကို ရောက် သွားတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့ ပြန်ချင် တဲ့သူများကို စိစစ်တယ်။ စိစစ်တယ်ဆိုတာ ပြန်ချင်တဲ့ သူများကို စာရင်းကောက်ရမယ်။ စာရင်းကောက်တဲ့အခါမှာ ပုံစံဖြည့်ရမယ်။ အဲဒီအတွက် ပုံစံတွေ မြန်မာနိုင်ငံဘက်က ပေးပို့ပြီးသားဖြစ်ပါတယ်။ အဲဒီပုံစံကို ဖြည့်ပြီးရင် အဲဒီက နေ မြန်မာနိုင်ငံဘက်ကို ပုံစံတွေပို့ရပါမယ်။ ပို့ပြီးတဲ့ပုံစံတွေ ကို မြန်မာနိုင်ငံဘက်ကနေပြီးတော့ စိစစ်ရပါမယ်။ စိစစ် တယ်ဆိုတာ သူတို့သည် မြန်မာနိုင်ငံမှာနေသွားတဲ့သူတွေ ဟုတ်/မဟုတ်၊ အကြမ်းဖက်သမားများပါ/မပါ စသည်ဖြင့် စိစစ်စရာတွေ ရှိပါတယ်။ အဲဒီစိစစ်စရာတွေအကုန်လုံးကို ဒီက စိစစ်ပါတယ်။ စိစစ်ပြီးတဲ့စာရင်းကို တစ်ဖက်နိုင်ငံကို ပြန်ပို့ပါမယ်။ ပြန်ပို့တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်ကနေ ပြီးတော့ ဒီစာရင်းကို ရပြီဆိုတဲ့အခါ စိစစ်ပြီးသားဖြစ်ပါ တယ်။ ဒါကြောင့် ဒီဘက်ကို ပြန်စေလွှတ်လို့ရပြီဆိုပြီးတော့ သူတို့အသုတ်လိုက် အသုတ်လိုက် လွှတ်မယ်ပေါ့။

လွှတ်တဲ့အခါကျတော့ အခုလတ်တလော သဘော တူညီချက်ထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ လက်ခံ နိုင်တဲ့အခြေအနေက လက်ခံရေးစခန်း နှစ်ခုရှိပါတယ်။ တောင်ပြိုလက်ဝဲ ကုန်းလမ်းနဲ့ ငါးခူရ ရေလမ်းပါ။ အဲဒီနှစ် နေရာမှာ လက်ခံစခန်းမှာ တစ်နေရာကို ၁၅ဝ စီနဲ့ တစ်နေ့ ကို ၃ဝဝ လက်ခံလို့ရပါတယ်။ တစ်ပတ်ကို ငါးရက်လက်ခံ ပါမယ်။ ၁၅ဝဝ ပါ။ အဲဒီတော့ ဒါလက်ခံလို့ရတယ်ဆိုတော့ ကျွန်တော်တို့ စာရင်းပို့ထားတဲ့ ၇၅ဝ နဲ့ ၅ဝ၈ ယောက်ပါ။ ဒီပို့ထားတဲ့သူတွေက တကယ်လို့ ဟိုဘက်ကနေပြီးတော့ ဒီစာရင်းကို ပြန်ချင်တဲ့သူတွေ စာရင်းဖြည့်မယ်၊ ဒီထဲကနေ ပြီးတော့ ပြန်ဖို့ ဒါက ကျွန်တော်တို့ဘက်က စိစစ်ပြီးသား၊ ပြန်လက်ခံလို့ရတဲ့စာရင်းဆိုတော့ လွယ်သွားပြီ။ အဲဒီတော့ ပြန်ချင်တဲ့သူတွေကို စာရင်းဖြည့်၊ ဖြည့်ပြီးရင် ဒီဘက်ကို ပြန်ပို့လိုက်ရင် ပထမအသုတ်အနေနဲ့ စလို့ရပါပြီ။ ဒါပေ မယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ အဆင်သင့် ဖြစ်တယ်။ ဒါပေမယ့် ရောက်တော့ မရောက်လာဘူး။ ပြန်လာမယ့်လူလည်း ရောက်မလာဘူး။ စာရင်းလည်း ရောက်မလာဘူး။ ဖြစ်နိုင်တာတွေရှိပါတယ်။ ဒါက ဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါတယ်။ ပြန်ချင်တဲ့သူတွေကို ပုံစံတွေ ဖြည့်စွက်ရတာရှိပါတယ်။

 

 

နောက်ပြီးတော့ ဒါက မိမိရဲ့ သဘောဆန္ဒနဲ့ ပြန်လာ တာဖြစ်ပါတယ်။ အဲဒီတော့ သဘောဆန္ဒကိုက်ညီသလား။ အဲဒီအပေါ်မှာလည်း မူတည်ပါတယ်။ သူတို့တွေ အကုန် လုံးဖြည့်စွက်ရပါမယ်။ လုပ်ငန်းတွေက အဆင့်ဆင့်ရှိပါ တယ်။ ပြန်ပို့ဖို့၊ အဲဒီအဆင့်ဆင့်တွေ ကြန့်ကြာနေလို့လား တော့ မသိပါဘူး။ ဒီနေ့မှာတော့ မရောက်လာသေးပါဘူး။ စာရင်းလည်းမရောက်သေးပါဘူး။ လူလည်း မရောက်လာပါ ဘူး။

ကျွန်တော်တို့အနေနဲ့ကတော့ အဆင်သင့်ဖြစ်နေပါ ပြီ။ ဒါကလည်း ဘာကြောင့် အဆင်သင့်ဖြစ်အောင် လုပ်ရ လဲဆိုတော့ သဘောတူစာချုပ်ထဲမှာ ဒီရက်ကနေ စနိုင် တယ်ဆိုတဲ့အတွက်ကြောင့် ဒီရက်ကိုပို့ရင် ကျွန်တော်တို့က လက်မခံလို့မဖြစ်ဘူး။ ဒီရက်က တာဝန်ရှိတယ်။ ကျွန်တော် တို့နိုင်ငံက လက်ခံရမယ့်သူဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တရားဝင်နေထိုင်သွားတဲ့သူတွေ တစ်ဖက်နိုင်ငံ ကိုရောက်သွားတယ်၊ ပြန်လက်ခံဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါ တယ်။ အစိုးရရဲ့ တာဝန်အရ ကိုယ့်ဟာကိုယ် လုပ်လို့မရပါ ဘူး။ သဘောတူညီချက်နဲ့ နှစ်နိုင်ငံဆိုတော့ စာချုပ်နဲ့လုပ်ရ ပါတယ်။အဲဒီစာချုပ်အတိုင်းလုပ်ပါတယ်။ အခု ဇန်နဝါရီ လ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် မရောက်လာတာကတော့ ခုနကပြောတဲ့အတိုင်း အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အဆင် သင့်ဖြစ်တယ်ဆိုတာတော့ သေချာနေပါပြီ။

အဲဒီအတွက်ကိုလည်း ကျွန်တော်တို့အနေနဲ့ ဒီနေ့ လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ အဲဒီ ကော်မတီမှာ ကျွန်တော်က ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါ တယ်။ ကျွန်တော်တို့ကော်မတီကို အကြံပြုမယ့် နိုင်ငံ တကာပညာရှင် ငါးဦးပါပါတယ်၊ မြန်မာနိုင်ငံက ပညာရှင် ငါးဦးနဲ့ စုစုပေါင်း ၁ဝ ဦးပါတဲ့ အကြံပေးအဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အကြံပြုမယ့်၊ အကြံပေးမယ့်အဖွဲ့ ရောက် လာပါတယ်။ ရောက်တဲ့အခါကျတော့ သူတို့လည်း တိုက် ဆိုင်တာကတော့ ကျွန်တော်တို့ စတင်လက်ခံလို့ရတဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့နဲ့ သွားတိုက်ဆိုင်တာပါ။ တိုက် ဆိုင်တဲ့ အခါကျတော့ ဒီကိုလည်း သွားကြမယ်ဆိုပြီးတော့ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ အဲဒီကို ရောက်ပါတယ်။ ရောက်တဲ့အခါကျတော့ သူတို့လည်း မျက်ဝါးထင်ထင် မြင်ရပါတယ်။ ကျွန်တော်တို့ လက်ခံရေးစခန်းတွေမှာ တကယ်အဆင်သင့်ဖြစ်နေပါပြီ။ နောက်တစ်ခါ ခဏထား မယ့် ကြားစခန်းပါ။ ဆိုလိုတာကတော့ ကြားစခန်းဆိုတာ အကြာကြီးထားမှာ မဟုတ်ပါဘူး။ ခဏထားမယ်။ ခဏက ဘယ်လောက်အထိကြာမှာလဲလို့ မေးရင်တော့ မူဆလင် များအတွက် အိမ်ပြန်ဆောက်ရမယ်။ မီးလောင်သွားတာ များပါတယ်။

အိမ်ပြန်ဆောက်ဖို့အတွက် အိမ်မပြီးခင်ကာလအထိ သူတို့အဲဒီမှာနေရပါမယ်။ ကြားစခန်းမှာ အိမ်ပြီးတာနဲ့ အိမ်ပြန်ရောက်သွားမယ်။ ဒါက ကြားစခန်းမှာ ဘယ် လောက်ကြာမလဲလို့မေးရင် ကျွန်တော်တို့အဖြေကတော့ ဒါပဲ။ အိမ်ပြီးတာနဲ့ အိမ်ကိုသွားမယ်။ အိမ်မပြီးခင်ကာလ လေးပဲဆောက်နေစဉ်ကာလ အဲဒီမှာ နေရမယ်။ ကြာမယ်တော့ မထင်ဘူး။ လအနည်းငယ်ပါပဲ။ ဘာလို့လဲဆိုတော့ မိုးမကျ ခင်မှာ ပြီးအောင်လုပ်ချင်တဲ့သဘောရှိပါတယ်။ ဆောက် တာတွေပြီးအောင် လုပ်ချင်တဲ့ သဘောရှိတော့ ပထမ လာတဲ့အသုတ်တွေကတော့ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့ လက်ခံမယ်။ တစ်နေ့ကို ၃ဝဝ လက်ခံနိုင်တယ်။ တစ်ပတ်ကို ၁၅ဝဝ လောက်လက်ခံနိုင်တယ်။ ဒီအတိုင်း ကျွန်တော်တို့ကတော့ အပြည့်အစုံစီစဉ်ပြီးသားဖြစ်ပါတယ်။

 

 

မေး။ ။အခု ကယ်ဆယ်ရေးစခန်း၊ ကြားစခန်းမှာ ခုနက ပြောတဲ့ အိမ်မဆောက်ခင်အထိ သူတို့နေရမယ်ဆိုတော့ သူတို့အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဒီဘက်ကနေပြီးတော့ ဘယ်လောက်အထိ စီစဉ်ပေးထား တယ်ဆိုတာလဲ သိချင်ပါတယ်။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ Physical Arrangement လို့ခေါ်ပါတယ်။ ဒီကိုပြန်ဝင်လာတဲ့ကိစ္စတွေမှာ ဝင်လာတဲ့ ဆီက စပြီးတော့ တကယ်ဒီမှာ ခဏလက်ခံရေးစခန်းကို ရောက်မယ်။ အဲဒီကနေ ကြားစခန်းကိုရောက်မယ်။ အဆင့် ဆင့်မှာ ကျွန်တော်တို့ ဆောင်ရွက်စရာကိစ္စကို အနုစိတ်ပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဝင်လာလာချင်း ဝင်လာတဲ့သူကို စစ်ဆေးတဲ့ဂိတ်ရှိပါတယ်။ အဲဒီဂိတ်ကနေ ပြီး စစ်ဆေးမယ်။ စစ်ဆေးပြီးတဲ့အခါကျတော့ စာရင်း မှတ်တမ်းပြုစုမယ်။ မှတ်တမ်းပြုစုပြီးရင် ဒီစာရင်းနဲ့ ဒီမှာ ရှိတဲ့ စာရင်းရှိနဲ့ ကိုက်ကြည့်မယ်။ ကိုက်ကြည့်လို့ ဟုတ်ပြီဆိုရင် ကျွန်တော်တို့က အချက်အလက်တွေ ကောက်ယူမှာပါ။ လက်ဗွေတို့၊ Biometric data တို့ ရှိပါတယ်။ ဒါတွေကို လူဝင်မှုကြီးကြပ်ရေးကနေ လုပ်ပါ မယ်။ ဒါတွေကို စနစ်တကျကောက်ယူမယ်။ ကောက်ယူ လို့ ပြီးသွားတာနဲ့ စာရင်းတွေနဲ့ သေချာနေပြီ။ တကယ် ကိုက်ကြည့်တော့လည်း ကျွန်တော်တို့ဆီမှာ နေသွားတဲ့လူ သေချာတယ်။ ဒီစာရင်းတွေမှာ အမှန်အကန်ဖြစ်တယ်ဆိုရင် ဒီမှာ သူတို့အလွန်ဆုံး တစ်ညပဲနေရမယ်။ လက်ခံရေးစခန်း မှာ တစ်ညပဲနေရမယ်။ နေပြီးတာနဲ့ နောက်တစ်နေ့မှာ ကြားစခန်းကို ပို့ဖို့အတွက် ပို့မယ့်ကားတွေလည်း အကုန် လုံးစီစဉ်ပြီးသားဖြစ်ပါတယ်။ လှဖိုးခေါင်ကြား စခန်းကို ရောက်မယ်။ ရောက်တဲ့အခါ အဲဒီမှာ စားဝတ်နေရေး လည်းရှိတယ်။ ကျန်းမာရေးအတွက်လည်း အဆင်သင့်ရှိပါ တယ်။ အခု ဒီတာဝန်အသီးသီးကို ထမ်းဆောင်မယ့်သူတွေ၊ ဝန်ထမ်းတွေအကုန်လုံး သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး ကနေ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီနေ့သွားတော့လည်းတွေ့ခဲ့တယ်။ အတူတကွ ဓာတ်ပုံတွေရိုက်ခဲ့တာလည်း ရှိပါတယ်။ ဝန်ထမ်းတွေ အကုန်လုံးလည်း အပြည့်အစုံ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေလည်း ရောက်ရှိ နေပြီ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကလည်း ရောက်ရှိနေပြီ။ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေလည်း ရောက်ရှိပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ရောက်ရှိပြီ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေမှာ အကယ်၍များ စိစစ်လိုက်လို့ မဟုတ်မမှန်တာ တွေ့တယ်ဆိုရင် နှစ်နိုင်ငံ ပြန်လည် ဆက်သွယ်ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီးဌာနလည်း အဲဒီမှာရှိနေတယ်။ ကျန်တဲ့လုံခြုံရေးနဲ့ပတ်သက်လို့လည်း ကျကျနန အသီးသီး ဆောင်ရွက်နေတာရှိပါတယ်။ ဝန်ထမ်းအသီးသီးလည်း အဆင်သင့်ဖြစ်နေပါပြီ။

 

 

မေး။ ။ အခု နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့က စတင်ပြီးတော့ လွှဲပြောင်းမှုတွေ လက်ခံမယ်ဆိုတာ တွေ့ရပါတယ်။ သူတို့ဘက်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လွှဲပြောင်းတာတွေ မလုပ်နိုင်သေးဘူး။ အဲဒါနဲ့ ပတ်သက်လို့ အစိုးရအချင်းချင်း ဘယ်လိုဆက်ပြီးတော့ ဆောင်ရွက်သွားမလဲ၊ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက် သွားမယ်ဆိုတာလဲ ပြောပြပေးပါဦး။

ဖြေ။ ။ကျွန်တော်တို့နိုင်ငံရဲ့ ထမ်းဆောင်ရမယ့် တာဝန် ကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစ လက်ခံရမှာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ၂၃ ရက်နေ့မှာ လက်ခံဖို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေစာရင်း၊ ပြန်လာမယ့်သူစာရင်း ခုနကပြောသလို နှစ်ဖက်ရှိပါတယ်။ တစ်ဖက်ကနေပြီးတော့ စာရင်းပို့တယ်။ ကျွန်တော်တို့က စိစစ်ပြီး ပြန်ပို့တယ်။ ဟုတ်ပြီဆိုရင် ဟိုကနေပြီးတော့ လူလွှတ်လိုက်တယ်။ အဲဒီလိုလုပ်သလို ကျွန်တော်တို့ဘက် ကနေပြီးတော့ မြန်အောင်ဆိုပြီး စိစစ်ပြီးတော့ ဒီစာရင်းတွေ တော့ လက်ခံနိုင်ပါတယ်ဆိုပြီး ပို့လိုက်တယ်။ သူတို့က တစ်ခါ အဲဒီလူတွေကို စာရင်းပြန်ဖြည့်ပြီးတော့၊ ပုံစံ ပြန်ဖြည့်ပြီးတော့ ပြန်ပို့တဲ့ စနစ်လည်းရှိပါတယ်။ ဒါတွေက တော့ အချိန်အနည်းငယ်ယူရတာတွေရှိတယ်။

 

 

ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မလာနိုင်ဘူးဆိုတာ ကျွန်တော်ထင်တာတော့ အဲဒီလိုလုပ်ရမယ့်လုပ်ငန်း အဆင့် ဆင့်တွေကြောင့် တစ်ဖက်မှာ ကြန့်ကြာမှုများ ရှိသလားပေါ့။ ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံးအသုတ်အတွက် ကျွန်တော်တို့ နှစ်နိုင်ငံ Working Group တွေ၊ သဘော တူညီချက်ရပြီးတဲ့နောက်ပိုင်း ဒီစာရင်းကို ပေးလိုက်တာက ဇန်နဝါရီလ ၁၆ ရက်နေ့မှ ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီ တော့ သူတို့လုပ်ငန်းအဆင့်ဆင့်က နှစ်ပတ်လောက် အချိန် ယူမယ်ဆိုရင်တော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကို မပို့နိုင်သေး တဲ့အခြေအနေလည်း ရှိနိုင်ပါတယ်။ မပို့နိုင်တာ ဒါကြောင့် လည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံရေးစခန်းတွေလည်းဖွင့်ထားပြီ။ လူတွေလည်းအဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့ လုပ်ဆောင် ရမယ့်လုပ်ငန်းတွေက အားလုံးအဆင်သင့်ဖြစ်နေတဲ့ အတွက်ကြောင့် လာမယ့်ရက်ကိုပဲ စောင့်ဖို့လိုပါတယ်။ ဟိုနိုင်ငံနဲ့ ဘယ်လိုဆက်သွယ်ရမလဲလို့မေးရင် ကျွန်တော် တို့ကတော့ ထောက်လှမ်းမှာပါ။ လာမယ့်စာရင်းရပြီလား၊ လာမယ့်စာရင်း ဘယ်တော့ပို့မလဲဆိုတာ နည်းနည်းဆက် သွယ်ပြီးတော့ မေးမြန်းချက်တွေတော့လုပ်မှာ ဖြစ်ပါတယ်။ သို့သော် တကယ်တမ်းဆိုရင် ကျွန်တော်တို့က အဆင်သင့် ဖြစ်နေတဲ့အတွက်ကြောင့် ပို့တာကိုစောင့်ပြီးတော့ လက်ခံဖို့ ရှိပါတယ်။

 

 

မေး။ ။ ရခိုင်ပြည်နယ်ဆိ်ုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ အနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောကြား ပေးပါ။

ဖြေ။ ။ ဖြစ်ပွားခဲ့တဲ့ကိစ္စက ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှု အသိုက်အဝန်းနှစ်ခု သဟဇာတ မဖြစ်ဘူး၊ ပဋိပက္ခတွေ ရှိတယ်။ ဒါတွေကလည်း နှစ်ရှည်လများဖြစ်ခဲ့တဲ့ ပြဿနာ ပေါ့။ ၂ဝ၁၂ ခုနှစ်မှာ တစ်ခါ အကြီးအကျယ်ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာလည်း ပဋိပက္ခတွေက ထပ်ကာထပ်ကာ ပိုဖြစ်နေတယ်။ လူမှုအသိုက်အဝန်း နှစ်ခုကလည်း သဟဇာတဖြစ်မှုတွေ ယိုယွင်းလာတယ်။ ဒါတွေကို ပြန်လည်တည်ငြိမ်ဖို့၊ ပြန်လည်အဆင်ပြေဖို့ဆိုတာ ကျွန်တော်တို့ အစိုးရသစ်တက်ကတည်းက ဒါကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဒါကို ဆောင်ရွက်နေတဲ့အခါမှာ အခြေခံအကြောင်းရင်းတွေကို ဖော်ထုတ်ပြီးတော့ လုပ်စရာရှိတာတွေ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာ မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေထဲမှာလည်း ပါတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေလည်းပါ တယ်။ အားလုံးကိုကြည့်ပြီး တကယ့်အရေးတကြီး လုပ်ရမယ့်ကိစ္စတွေကို ကျွန်တော်တို့ ဆောင်ရွက်နေ ပါပြီ။ အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ အဲဒီ အကောင်အထည်ဖော်တဲ့အခါမှာ ဦးစားပေးအနေနဲ့ နိုင်ငံသားဖြစ်မှုစိစစ်တာတို့ပါ။ ဒီ process ထဲကိုဝင်မှ ကျွန်တော်တို့က စစ်လို့ရပါမယ်။ စစ်တဲ့အခါမှ ၁၉၈၂ ဥပဒေနဲ့ကိုက်ပြီးတော့ တကယ်နိုင်ငံသားဖြစ်သင့်တဲ့သူက ဖြစ်သွားမှာဖြစ်ပါတယ်။ မဖြစ်ဘူးဆိုရင်လည်း ပြန်လည် စိစစ်ရမယ်။ ဒီအဆင့်ဆင့်ကိုတော့ သေချာလုပ်ရမယ်။ ဒီလိုလုပ်ရင် နိုင်ငံသားဆိုလည်း နိုင်ငံသားအခွင့်အရေး ရမယ်။ ပြုနိုင်ငံသားဆိုလည်း ပြုနိုင်ငံသားရမယ်။ ဘာမှ မဟုတ်ရင်လည်း ဒီမှာ နေထိုင်ခွင့်ရှိသော သူပေါ့။ သူ့အခွင့်အရေးနဲ့သူပဲပေါ့။ အဲဒီလို ကွဲပြားသွားမယ် ဆိုရင် လွတ်လပ်စွာ သွားလာခွင့်တို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့ ပိုပြီးတော့ လက်လှမ်းမီသွားမယ်။ ပိုပြီးတော့ လက်လှမ်းမီသွားရင် အလုပ်အကိုင် အခွင့် အလမ်းတွေလည်း ပိုပြီးတော့ အဆင်ပြေမယ်။ အဆင်ပြေ သွားရင် ပဋိပက္ခတွေ နည်းသွားမယ်။ အကောင်အထည် ဖော်တဲ့အခါမှာ ဦးစားပေးအနေနဲ့ ဒါတွေကို အကောင် အထည်ဖော်နေပါတယ်။ အကြံပေးအဖွဲ့ကလည်း ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အကြံဉာဏ်တွေနဲ့ ရေရှည်ပဋိပက္ခကင်းဝေးအောင်၊ သဟဇာတဖြစ်အောင်၊ ဒီပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် အကြံတွေပေးကြ မှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြည်သူတွေကို ပြောချင် ပါတယ်။ 

 

သတင်းအဖွဲ့