ဇီးကုန်းမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်

ဇီးကုန်း၊ ဧပြီ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ကျေးရွာ(၇)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း တစ်ခုနှင့် ရေရရှိရေးလုပ်ငန်း (၆)ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ဇီးကုန်းမြို့နယ် ကံကလေးကျေးရွာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၂ ဒသမ ၅ သန်း အသုံးပြု၍ အရှည် ၁၆၇၀ ပေရှိသော ကျေးလက်ကုန်ထုတ်လမ်းပေါ်တွင် အကျယ် ၁၂ ပေ၊ ထု ၂ ပေကို အောက်ခံမြေသားလမ်းခင်းခြင်းနှင့် အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိသော မြေနီကျောက်စရစ်ခင်းခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၉၃ ဒသမ ၃၇ သန်းအသုံးပြု၍ ကံကြီးရွာသစ်ကျေးရွာ၊ သပြေစိန်ကျေးရွာနှင့် လုံးလကျေးရွာများ၊ ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၆၇ ဒသမ ၇၄ သန်းအသုံးပြု၍ စမ်းအိုင်ကျေးရွာ၊ တောင်ပို့သာယာကျေးရွာနှင့် စိန်ဘုံသာကျေးရွာများတွင် အနက် ၃၀၀ ပေ စက်ရေတွင်းတူးပေါ်ခြင်း၊ ဂါလန် (၂၄၀၀)ဆံ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာသုံး ရေတင်စနစ်နှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တင်ဒါများခေါ်ယူ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းများ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်မှ ပြောပြ၍ သိရသည်။

 

ကိုညို(ကျေးလက်)