ဈေးကွက်ကောင်းမွန်သည့် ပွင့်လင်းရာသီကာလရောက်ရှိသော်လည်း မန္တလေးမြို့ သဲဈေးကွက်မှာ အရောင်းအဝယ်များ ပုံမှန်သာရှိနေ

မန္တလေး ၂၃ ဒီဇင်ဘာ

မန္တလေးမြို့ရှိ သဲဈေးကွက်မှာ ဈေးကွက်ကောင်းမွန်သည့် ပွင့်လင်းရာသီကာလ ရောက်ရှိခဲ့သော်လည်း ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌  ဆောက်လုပ်ရေးလုပ်ငန်းများ နည်းပါးခြင်းကြောင့် လက်ရှိတွင် အရောင်းအဝယ်မှာ ပုံမှန်သာရှိနေကြောင်း မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ သဲထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များမှ ပြောကြားသည်။

အဆိုပါသဲဈေးကွက်မှာ ရာသီဥတုပေါ်မူတည်၍ မိုးရာသီကာလ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားသည့်အချိန်တွင် အရောင်းအဝယ်နည်းပါးကာ ယခုပွင့်လင်းရာသီကာလရောက်ရှိမှသာ ဈေးကွက်ပုံမှန် ကောင်းမွန်သွက်လက်လာကြောင်း သဲထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ဦးက ပြောသည်။

''သဲဈေးကွက် အတက်အကျက ရာသီဥတုပေါ်မူတည်တယ်။ မိုးရာသီမှာ သဲဈေးတက်ပေမယ့် အရောင်းအဝယ်မကောင်းဘူး။ ဒါအပြင် ဧရာဝတီမြစ်ထဲက သဲကိုစုပ်ယူရတဲ့အတွက် မြစ်ရေတိုးလာရင်လည်း သဲအထွက်နှုန်း နည်းပါးတယ်။ ပွင့်လင်းရာသီမှသာ အရောင်းအဝယ်က သွက်လက်ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ နည်းပါးသွားတဲ့အတွက် လက်ရှိအချိန်အထိ အရောင်းအဝယ်က ပုံမှန်အတိုင်းပဲ ရှိနေတယ်။ ဈေးနှုန်းအနေနဲ့ကလည်း ယခင်နှစ်တွေထက် ကွာခြားမှု မရှိတဲ့အပြင် ဒီနှစ် ပွင့်လင်းရာသီမှာ သဲလုပ်ငန်းလုပ်သူတွ ပိုများလာတယ်" ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ သဲထုတ်လုပ်သူများထံမှ သဲများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ပွဲစားများနှင့် အုတ်၊ ထုံး၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများမှ တစ်ကျင်းလျှင် ငွေကျပ်လေးထောင်နှုန်းဖြင့် တိုက်ရိုက်လာရောက်ဝယ်ယူကြပြီး ၄င်းတို့မှတစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ လုပ်သားစရိတ်နှင့် ပို့ဆောင်ခ အနီးအဝေးပေါ်မူတည်၍ တစ်ကျင်းလျှင် ငွေကျပ် တစ်သောင်းတစ်ထောင်မှ တစ်သောင်းနှစ်ထောင်ကျပ်နှုန်းအထိ ပေါက်ဈေးရှိကြောင်း သိရသည်။

"သဲထုတ်လုပ်တဲ့နေရာမှာ လူအင်အားကြီးပဲ အားကိုးလို့ မရပါဘူး။ မြစ်ထဲက သဲတွေကို စက်နဲ့ထုတ်ယူရတဲ့အတွက် ဒီဇယ်ကို အသုံးပြုရပါတယ်၊ ဒီဇယ်ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး သဲဈေးနှုန်း အပြောင်းအလဲရှိတာပါ။ ဒီနှစ်မှာ ဒီဇယ်တစ်ပီပါကို ငွေကျပ် ၂၀ဝ၀ဝ၀ ဝန်းကျင်ရှိပါတယ်" ဟု ဦးတင်ဦးက ဆက်လက်ပြောသည်။

 

‌ေ


အဆိုပါသဲထုတ်လုပ်ရာတွင် ဧရာတီမြစ်အတွင်းမှသဲကို မော်တော်ဖြင့် လုပ်သားအင်အားကို အသုံးပြု၍ စုပ်ယူရသည့်အတွက် မော်တော်တစ်စီးလျှင် လုပ်သားလေးဦးမှ ခုနစ်ဦးအထိ ငှားရမ်းသုံးပြုရပြီး ၄င်းတို့၏ နေ့စားလုပ်အားခမှာ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲအထိရရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ကမ်းတစ်လျောက် သဲထုတ်လုပ်သည့် လုပ်ငန်းလုပ်ကွက်နေရာများမှာ ချော်ဆိပ်သဲထုတ်လုပ်စုပုံကွင်းနှင့် ပေပင်ဆိပ်၊ ရွှေကြက်ယက်ဆိပ်တို့ဖြစ်ပြီး အဆိုပါ သဲလုပ်ကွက်သုံးခုမှ သဲထုတ်လုပ်သည့် မော်တော်ယာဉ် အသင်းဝင်ပေါင်းအစီး ၃၀ ကျော်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)