ဇော်ဂျီ၊ မင်းသုဝဏ် ကဗျာဆရာပညာရှိ စာပေညီနောင်နှစ်ဦး

သတင်းဆောင်းပါး - လင်းအေး

 

ခေတ်စမ်းစာပေ၏ ရှေ့ဆောင်စာပေညီနောင်နှစ်ဦး ဖြစ်သော ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့သည် ရန်ကုန်တက္ကသိုလ်တွင် ဆရာတပည့်များအဖြစ် စတင်သိကျွမ်းခဲ့ကြသည်။ ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ဖွား ဆရာဇော်ဂျီနှင့် ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ဖွား ဆရာမင်းသုဝဏ်တို့သည် အသက်ချင်း နှစ်နှစ်နီးပါးသာ ကွာသော်လည်း ဆရာမင်းသုဝဏ်က ဆရာဇော်ဂျီကို “ဆရာ” ဟုခေါ်ပြီး ရိုသေစွာ ဆက်ဆံသည်။ ဆရာဇော်ဂျီက မင်းသုဝဏ်ကို “မောင်ဝန်”ဟု ခေါ် ပြီး ရိုသေစွာ ဆက်ဆံသည်။

 

ဆရာမင်းသုဝဏ် ရန်ကုန်တက္ကသိုလ် ဥပစာတန်းတွင် တက်ရောက်သင်ကြားနေသည့် ၁၉၂၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရပြီးခါစ ဆရာဇော်ဂျီကို ဆရာကြီးဦးဖေမောင်တင်က တက္ကသိုလ်တွင် ကျူတာဆရာအဖြစ် ထမ်းဆောင်ရန်ခေါ်ယူခန့်ထားခဲ့ပါသည်။ ဆရာဇော်ဂျီသည် ဆရာ မင်းသုဝဏ် တက်ရောက်နေသော မြန်မာစာ အတန်းတွင်စာစီစာကုံးဆရာဖြစ်သည်။ ဆရာဇော်ဂျီက “နေရောင်ထဲတွင် ကစားနေသော ကြောင်ကလေးများ” ဆိုသည့်အကြောင်းအရာအပါအဝင် အကြောင်းအရာသုံးရပ်ကိုအတန်းထဲတွင် တစ်ထိုင်တည်း ရေးခိုင်းသည်။ ဆရာ မင်းသုဝဏ်က ရေးရမည့်အကြောင်းအရာကို အကြိုက်တွေ့သဖြင့် မိမိသဘောကျသလို စိတ်ပါ လက်ပါရေးခဲ့ရာ မင်းသုဝဏ်၏ စာစီစာကုံးကို ဆရာဇော်ဂျီက အမှတ်ပြည့်၁၀ မှတ်တွင် ကိုးမှတ် ပေးခဲ့လေ သည်။ ထို့နောက်ပိုင်းတွင်ဆရာဇော်ဂျီနှင့် ရင်းနှီးခင်မင်သွားခဲ့ကြပုံကို ဆရာ မင်းသုဝဏ်က ယခုလို ရေးထားပါ သည်။ “ထိုအခါက ကျူတာဦးသိန်းဟန်မှာ သထုံဆောင်တွင် နေပါသည်။ ကျွန်ုပ်က ပဲခူးဆောင်တွင် နေပါ သည်။ မကြာခင်ပင်ဆရာက အားထုတ်သဖြင့် ကျွန်ုပ်တို့ မိတ်ဆွေဖြစ်သွားပါသည်။ သို့ဖြင့် ဘီအေနှင့် အိုင်အေ၊ ဆရာနှင့်တပည့်ကွာဟမှုရှိလင့်ကစား ကျွန်ုပ်တို့နှစ်ဦးမှာ သွားဖော်လာဖက်၊ ဆွေးနွေးဖော်ဆွေးနွေးဖက် ဖြစ်လာ ကြပါသည်။” (မင်းသုဝဏ်-ကျောင်းနေစဉ်အခါက)

 

ဆရာနှစ်ဦးသည် ၁၉၂၉ ခုနှစ်မှ ဆရာဇော်ဂျီကွယ်လွန်သည့် ၁၉၉၀ ပြည့်နှစ် အချိန်အထိ နှစ်ပေါင်း ၆၀ ကျော် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံခဲ့ကြသည်။ ဆရာနှစ်ဦး၏ ဆက်ဆံရေးသည် ခိုင်မာမြဲမြံသည်။ နှစ်ပေါင်း ၆၀ ကာလအတွင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာပျက်ခြင်း၊ စိတ်ကွက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းမျိုး မရှိခဲ့ကြ။ ဆရာနှစ်ဦးလုံးပင် သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသူ သူတော်ကောင်းပညာရှိများ ဖြစ်ကြသည်။ 

 

ဆရာနှစ်ဦးစလုံး လူ့ပြည်လောကတွင် အသက်ရှည်ရှည် နေထိုင်သွားခဲ့ကြသည်။ (ဆရာဇော်ဂျီ ၈၄ နှစ်၊ ဆရာမင်းသုဝဏ် ၉၆ နှစ်)၊ နှစ်ဦးစလုံး လောကကောင်းကျိုးကို ထိရောက်စွာ ဆောင်ရွက်သွားခဲ့ကြသည်။ ဘဝတစ်သက်တာလုံး အလုပ်တွေအများကြီး လုပ်သွားသည်။ ကောင်းမွန်ပြောင်မြောက်သော ကဗျာတွေ ရေးဖွဲ့ခဲ့သည်။ အဆင့်မြင့်မားသော စာပေဆောင်းပါးများ၊ စာပေသဘောတရားများကို ရေးသားခဲ့သည်။ တန်ဖိုး ရှိသော သုတေသနဆိုင်ရာ စာတမ်းများကို ပြုစုခဲ့သည်။ စာပေတာဝန်များကို အတူလက်တွဲ ထမ်းဆောင်ခဲ့သည့်ဆရာနှစ်ဦးကို မကွဲမပြား အမြဲတစ်သားတည်းဖြစ်သည့်စာပေညီနောင်အဖြစ် အားလုံးက အသိအမှတ်ပြုထား ကြလေသည်။

 

သို့သော် ဆရာနှစ်ဦးတွင် မတူတာ တချို့တော့ရှိသည်။ ဘဝပေး ကုသိုလ်ချင်း မတူကြ။ ကံချင်းမတူကြ။ စာရေး သူဖတ်မိ၊ မှတ်မိသလောက် ဆရာဇော်ဂျီ၏ဘဝမှာ အေးချမ်းတည်ငြိမ်သော ဘဝဖြစ်သည်။ အပြောင်းအလဲ သိပ်မရှိ။ ဆရာဇော်ဂျီ ကျောင်းသားဘဝက ဖျာပုံမှဆယ်တန်းအောင်ပြီး ကျောင်းဆက်တက်ရန် ရန်ကုန်မြို့မ ကျောင်းသို့ လာခဲ့သည်။ မြို့မဆရာကြီး ဦးဘလွင်နှင့်တွေ့သည့်အခါ ကျောင်းလခမပြည့်သဖြင့် ခေတ္တအကြွေး ထားပေးရန် ဆရာကြီးကို တောင်းပန်ရာ ဆရာကြီးက လက်ခံလိုက်သည်ဟူသော ဖြစ်ရပ်၊ သူ့ညီ၊ ညီမများကို ငဲ့ညှာ၍ သူချစ်မြတ်နိုးသော ချစ်သူနှင့် ၁၂ နှစ်ကျော်မျှ သမီးရည်းစားဖြစ်ပြီးမှ လက်ထပ်ခဲ့ရသည်ဆိုသည့် ဖြစ်ရပ်တို့လောက်ကလွဲပြီး အခြားပြောပလောက်သည့် ဒုက္ခဆင်းရဲ အခက်အခဲပြဿနာများနှင့် ကြုံခဲ့ရခြင်းများ ကိုမတွေ့ရပါ။ ဆရာမင်းသုဝဏ်၏ ဘဝကမူ ဆရာဇော်ဂျီနှင့်ခြားနားသည်။ ဆရာမင်းသုဝဏ်၏ ဘဝမှာ ပူပန်သောက ဖြစ်စရာတွေနှင့် ကြုံခဲ့ရသည်။ ကသောင်းကနင်းဖြစ်ခဲ့ရသည့် အဖြစ်အပျက်တွေရှိခဲ့သည်။ အနိမ့်၊ အမြင့်၊ အတက်၊ အကျများသည့် ဆရာမင်းသုဝဏ်သည် ဆရာ ဇော်ဂျီထက် လောကဓံကို ပိုခံရသည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေရာမှ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့်ကြုံ၍ မိဘနှစ်ပါး စီးပွားပျက်သဖြင့် ကျောင်းထွက်ရသည်။ ကျောင်းပြန်ဖွင့်ချိန်တွင် ဆရာကြီး ဦးဖေမောင်တင်က တာဝန်ယူပြန်ခေါ်၍ ကျောင်းဆက် တက်ဖြစ်သည်။ တက္ကသိုလ်တွင်ကျောင်းတက်နေစဉ် ကိုယ်ရေးကိုယ်တာ လူငယ်ဘာဝ အရေးကိစ္စပေါ်ပေါက်ခဲ့ သည်ဟု ကြားရဖူးသည်။ (စာရေးသူ အသေအချာ မသိပါ။ ကြားဖူးနားဝမျှ သာ ဖြစ်သည်။) သို့သော် ဆရာ၏ “ဘကြီးအောင်ညာတယ်” ဝတ္ထုလေးကတော့ အများထင်နေသလို ဆရာ၏ အချစ်ဇာတ်လမ်း မဟုတ်ပါ။ ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင် ပါရှိခဲ့သော ဝတ္ထု ဖြစ်ရာ အစောပိုင်းအချိန်က ရေးသည့်စာဖြစ်၍ ဆရာ့ဘဝ ဇာတ်လမ်းနှင့် သက်ဆိုင်ခြင်းမရှိပါ။ ဆရာသည် အသက်ငါးဆယ်ကျော် အရွယ်ကျမှ အလုပ်ရာ ထူးနှင့်ပတ်သက်သော ပြဿနာပေါ်ခဲ့ရလေသည်။ မြန်မာစာပါမောက္ခအဖြစ်တစ်နှစ်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန စာတည်းမှူးအဖြစ် ရွှေ့ပြောင်း ထမ်းဆောင်ခဲ့ရသည်။ ဆရာ၏ဘဝတွင် အဆိုးဆုံးဖြစ်ရပ်ဟု ဆိုရမည့် “မင်း” ၏ ငြိုငြင်ခြင်းကိုခံရသည့်ကိစ္စမှာ ဆရာ အသက် ၆၀ ကျော်အရွယ်တွင် ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်၏ ထိပ်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်က ဆရာတစ်သက်တာလုံး ကိုယ်ရောစိတ်ပါ မြှုပ်နှံလုပ်ဆောင်ခဲ့သော အဘိဓာန်ပြုစုသည့်လုပ်ငန်းအပေါ် အလိုမကျ ဖြစ်ရာမှ ဆရာမင်းသုဝဏ်ကိုရည်ရွယ်၍ “မကျက်တကျက်ပေါင်မုန့်” နှင့်နှိုင်းယှဉ်ကာ အသံလွှင့် မိန့်ခွန်းတွင် ထည့်သွင်း ၍ လူသိနတ်ကြား ပုတ်ခတ်ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်အပေါ် ဆရာ မည်မျှစိတ်ထိခိုက်သွားခဲ့သည်ကို ဆရာ၏ သားလတ် ဒလဘန်း(ဦးထင်ကျော်) ရေးသော ဆောင်းပါး (အမှတ် တရ အဘ ဘဝ) ဖတ်ရတော့မှ သိရပါသည်။

 

ဆရာကြီး၏ ဒုက္ခတို့သည် ထိုမျှနှင့် ရပ်စဲပြီးဆုံး မသွားသေးပါ။ အသက် ၈၀ ကျော်အရွယ်ရောက်မှလောကဓံ၏ နောက်ဆုံး ရိုက်ပုတ်ထိုးနှက်ခြင်းကို ခံရပြန်သည်။ ဆရာကြီးသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးတွင် လူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်သည်။ မိမိနေအိမ်အနီး အစာငတ်ခံ ဆန္ဒပြနေကြသော ကျောင်းသား လူငယ်များကို ထောက်ခံအားပေးသည်။ ဆန္ဒပြသူ သမီး၊ သားတို့ ကိုယ်စိတ်နှစ်ပါး အေးစေသားဟု ကဗျာရေး၍ တောင်းဆုခြွေသည်။ ကဗျာကို မိတ္တူတွေကူး၍ ဝေငှသည်။ အရေးတော်ပုံကြီးနောက်ပိုင်းဖွဲ့စည်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကိုထောက်ခံသည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံရာ မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။ အနိုင်ရခြင်း၏ ဒဏ်ကိုအခြား အင်န်အယ်လ်ဒီပါတီဝင်များ၊ ပြည်သူများနှင့်အတူဆရာလည်း အပြင်းအထန်ခံရသည်။ ဆရာကြီး၏ ကဗျာ များ၊ စာများ စာနယ်ဇင်းများတွင် မထည့်သွင်းရန် အပိတ်ပင်ခံရသည်။ ငွေမင်သုတ်ခြင်းခံရသည်။ အခြားသူများ ရေးသောစာတွင် ဆရာမင်းသုဝဏ် နာမည်ပါလျှင်လည်း ငွေမင်သုတ်၍ ဖျောက်ဖျက်ပစ်သည်။ ဆရာကြီးလို ပုဂ္ဂိုလ်၏ စာ၊ ကဗျာတို့ကို ပိတ်ပင်အမှောင်ချသည့် လုပ်ရပ်မှာ အလှတရားနှင့် ဉာဏ်ပညာကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူပေသည်။ မြန်မာစာပေအနုပညာနယ်ပယ်အဖို့ ကြီးမား သော ဆုံးရှုံးမှုပင်ဖြစ်သည်။ ဆရာကြီးသည် မိမိ၏အဖြစ်ကို ကဗျာလေးရေး၍ ညည်းညူရှာသည် -

 

“ထမင်းကြမ်းကို ယပ်ခတ်စား
အေးချမ်းသာယာနေဖို့မျာ
းစောင့်စားမျှော်လင့်ခဲ့သည်မှာ
နှစ်ပေါင်းများစွာ ကြာခဲ့ပါ
ခုခါ ရှစ်ဆယ်ကျော်ပေမယ့်
ချမ်းသာခွင့်ကို မတွေ့ခဲ့”

(ဘိုးသက်ရှည်၏ တောင့်တချက် ၂၀-၇-၉၄)

 

ထိုမျှ လောကဓံ၏ အရိုက်အပုတ်၊ အထုအထောင်း ခံရသော ဆရာကြီးမင်းသုဝဏ်သည် ပင်ကိုစိတ်နေ စိတ်ထားအရလည်း နှလုံးသား နူးညံ့ပျော့ပျောင်းသူဖြစ်ရာ ပုထုဇဉ်တစ်ဦးအနေဖြင့် တစ်ခါတစ်ရံ ခံစားချက် အလေးကဲသော ကဗျာများကို ရေးမိခဲ့ပေမည်။ သို့သော်ဆရာ၏ ကဗျာများသည် ဘဝကိုခါးသီးနေသော ကဗျာ များတော့ မဟုတ်ခဲ့ပါ။ ဆရာသည် လောကကြီးကိုလည်း ခါးသီးမုန်းတီးမသွားပါ။ သံအမတ်ကြီး ဦးသက်ထွန်းက ဆရာဇော်ဂျီ၏ ကဗျာတွေက ဖတ်ရှုသူကို စဉ်းစားစေ သည်။ (Your poetry makes me think)၊ ဆရာ ဦးဝန်၏ ကဗျာတွေက ခံစားစေသည်။ (U Wun's Poems make me feel) ဟု ဆရာဇော်ဂျီကို ပြောခဲ့သည်။ ဦးသက်ထွန်းက ဆရာဇော်ဂျီကို ဒဿနဆန်သော ကဗျာစာဆို (Philosophical poet) ဟု အမည်နာမ တပ်ခဲ့သည်။ စာရေးသူလည်း ဦးသက်ထွန်း၏ အကဲဖြတ်ချက်ကို သဘောတူပါသည်။ သို့သော် ဆရာဇော်ဂျီ၏ ကဗျာများတွင် ဒဿနသာပါပြီး ခံစားချက် ရသ မပါဟုကောက်ချက်ဆွဲလျှင်တော့ မှားပါလိမ့်မည်။ ထို့အတူပင်ဆရာမင်းသုဝဏ်၏ ကဗျာများမှာ ခံစားချက်သက်သက်သာဖြစ်ပြီး လေးနက်သော ဘဝအမြင်၊ လောကအမြင်မပါဟု ပြောမည်ဆိုလျှင်လည်း မှားမည်သာဖြစ်ပါသည်။

 

ဆရာဇော်ဂျီက “စာ” မာပြီး “လူ”ပျော့တယ်။ ဆရာ မင်းသုဝဏ်ကတော့ “စာ”ပျော့ပြီး “လူ”မာတယ်ဟုပြောသံ၊ ဆိုသံများ ကြားဖူးပါသည်။ ဆရာဇော်ဂျီ၏ စာကဗျာများမှာ ဒဿန(ဘဝအမြင်၊ လောကအမြင်) ကဲနေသောကြောင့် ပျော့ပျောင်းသိမ်မွေ့မှု လျော့နည်းပြီး လူကတော့ တည်ငြိမ်ပျော့ပျောင်းသည်ဟု ဆိုလိုဟန်ရှိပါသည်။ စာရေးသူ၏အမြင်တွင် ဆရာဇော်ဂျီသည်ဖြစ်ပျက်တွေ့ကြုံရသော လောကဓံတို့ကို ပညာရှိပီပီယောနိသော မနသီကာရ(နှလုံးသွင်းမှန်စွာဖြင့်) ဆင်ခြင်ရင်ဆိုင်နိုင်ခြင်းကြောင့် အေးဆေး တည်ငြိမ်နေ ခြင်းဖြစ်သည်ဟု ထင်ပါသည်။ အေးဆေးတည်ငြိမ်ခြင်း၊ သိမ်မွေ့နူးညံ့ခြင်းဟူသည် စိတ်ဓာတ် ကြံ့ခိုင်သူတို့၏ သဘောသဘာဝဖြစ်ပါသည်။ ဆရာမင်းသုဝဏ်မှာ အထက်တွင် ရေးခဲ့သည့်အတိုင်း ပြင်းထန်လေးပင်သော လောကဓံ၏ဖိစီးခြင်းတို့ကို လူငယ်ဘဝမှ သက်ကြီးရွယ်အိုဘဝရောက်သည်အထိ အကြိမ်ကြိမ်အဖန်ဖန် ခံခဲ့ရသည်ဖြစ်ရာ ပုထုဇဉ်လူသားတစ်ဦးအနေဖြင့် တစ်ခါတစ်ရံမခံချင်စိတ်ဖြင့် မာကျော ခက်ထန်သွားခြင်းမျိုး ရှိကောင်း ရှိပါမည်။ သို့သော် ဆရာကြီးသည် ဆင်ခြင်တုံတရား ပြည့်ဝသော ပညာရှိ တစ်ဦးဖြစ်ရာ ကြုံတွေ့ရသော လောကဓံတို့ကို ဗုဒ္ဓတရားလက်ကိုင်ပြု၍ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါသည်။ ဆရာဇော်ဂျီ၏ စာများကိုစာမာသည်ဆိုတာထက် ဒဿနကဲသည်၊ ဆင်ခြင်တုံတရားက လွှမ်းမိုးနေသည်ဟု ဆိုချင်ပါသည်။ ဆရာ မင်းသုဝဏ်၏ စာများကို စာပျော့သည်ဆိုတာထက်ပြေပြစ်ချိုသာမှုကဲသည်။ မေတ္တာ ဓာတ်၊ ခန္တီဓာတ်များ လွှမ်းမိုးနေသည်ဟု ဆိုချင်ပါသည်။ ။