ဇွဲကကျောရိုး၊ ဝီရိယမှာ ထမ်းပိုး

ဝေဖြိုးဟန် (အင်းစိန်)

“နွားကွဲလျှင် ကျားဆွဲမည်” ဆိုသော စကားပုံကို ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မည်။ အချင်းချင်းညီညွတ်ရေး ပြိုပျက်တော့မည့် အရိပ်အယောင် မြင်ရသည့်အခါများ၌ ဤစကားပုံဖြင့် ခိုင်းနှိုင်း ကြလေ့ရှိ၏။ ရှမ်းစကားပုံမှာဖြင့် “နွားကွဲလျှင် အမဲသားဖြစ်မည်” ဟူသတည်း။ အဓိပ္ပာယ်ချင်းတူပြီး အတွေးရသ၌ ရှမ်းစကားပုံက ပိုမိုပေါ်လွင်ထင်ရှားစေပါသည်။ ဤစကားပုံများ၏ အနှစ်သာရမှာ ညီညွတ်နေကြသူများကြား အဖုအထစ်၊ အဆီအငေါ်မတည့်မှု တစ်စုံတစ်ရာ ဝင်ရောက်လာသည့်အခါ ဖြစ်လေ့ဖြစ်ထရှိသော အချင်းချင်းရန်စောင်လာခြင်း၊ သွေးကွဲလာခြင်း၊ အုပ်စုကွဲလာခြင်းများကို ဟန့်တားဆုံးမသော ရှေးလူကြီးများ၏ အဆိုအမိန့်ပင်ဖြစ်လေသည်။

လူသတ္တဝါများကိုမဆိုထားနှင့်၊ တိရစ္ဆာန်များသည် ပင်လျှင် အစုအဖွဲ့နှင့် ညီညွတ်စွာ ကျင်လည်လှုပ်ရှားသွားလာ နေထိုင်ကြရသည်။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ ကွဲထွက်သွားလျှင် အန္တရာယ်အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ စုပေါင်းအားမရှိ၍ ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့ရဖွယ် ရှိပါသည်။ နွားတစ်အုပ်တောထဲ၌ ဖြတ်သန်းသွားလာနေစဉ် အလစ်အငိုက်ချောင်းနေသော ကျားမှာ ရှေ့မတိုးသာ ဖြစ်နေရ၏။

နွားကွဲလျှင် ကျားဆွဲမည်

သူသာရှေ့တိုးခဲ့လျှင် နွားအုပ်၏ လက်ချက်ဖြင့် အသက်ထွက်သွားရပေလိမ့်မည်။ သို့ရာတွင် ထိုနွားအုပ်ထဲမှ တစ်ကောင်စ နှစ်ကောင်စကွဲထွက်သွားခဲ့ပါမူ ချောင်းနေသောကျားသည် အကြိုက်ဖြစ်လေပြီ။ နွားအုပ်ကိုသာမယှဉ်ရဲသော်လည်း တစ်ကောင်၊ နှစ်ကောင်ကိုဖြင့် အသာအယာပင် ခုန်အုပ်၍ ဝါးမြိုပစ်လိုက်ပေလိမ့်မည်။ ထို့ကြောင့် နွားကွဲလျှင် ကျားဆွဲမည်၊ နွားကွဲလျှင် အမဲသားဖြစ်မည်ဟူသော စကားပုံများထားရှိခဲ့ခြင်းဖြစ်ပါသည်။

စုပေါင်းအားသည် ညီညွတ်မှုကိုအခြေခံ၏။ တစ်နည်းဆိုရလျှင် Teamwork  ဖြစ်သည်။ အလွန်ပင်သေးငယ်လှစွာသော ပုရွက်ဆိတ်ကလေးများသည် တစ်ကောင်တည်း ဆိုပါက အားမာန်ကြီးလှသည့် ဆင်ကြီးကိုယှဉ်ပြိုင် အန်တုရန် မစွမ်းသာချေ။ ပုရွက်ဆိတ်လေးများ၏ ညီညွတ်မှုစုပေါင်းအားဖြင့် ပုရွက်ဆိတ်အုံလုံးကြီး ပြုလုပ်ပြီး တုံ့ပြန်ခဲ့သော် ခွန်အားဗလကြီးမားသော ဆင်သတ္တဝါကြီး မြေပြင်ပေါ် ဗုန်းဗုန်းလဲကျ သွားနိုင်၏။ ထို့အတူ သောင်ပြင်ကမ်းနားမှာ တစ်ကောင်ချင်းစီ သွားလာနေသည့် ကဏန်းကောင်လေးများဆီ ကောင်းကင်ယံမှာ ဝဲပျံနေသော စွန်ငှက်က နှုတ်သီးဖြင့် ထိုးစိုက်ပြီး အစာအဖြစ်သိမ်းပိုက်ရန် အဟုန်ပြင်းစွာ ဆင်းလာအခိုက် ကဏန်းညီနောင်များ၏ ညီညွတ်မှုအားများ စုပေါင်းလိုက်ရာ စွန်ငှက်ခင်မျာ အမွေးအတောင်များပင်ကျွတ်၍ သဲသောင်ပြင်ပေါ် မရှုမလှကျခဲ့ရသော ပုံပမာသာဓကများ ရှိခဲ့ပါသည်။

စုပေါင်းဆောင်ရွက်ခြင်း အကျိုး

ကျွန်တော်တို့လူသားများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုများဖြင့် စုပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်ကြမည်ဆိုလျှင် လှူဝန်းကျင် လှူအသိုင်းအဝိုင်း၌ စစ်မက်ဖြစ်ပွားစရာတွေ အလျဉ်းရှိလာလိမ့်မည် မဟုတ်ပေ။ ငြိမ်းချမ်းရေး အသီးအပွင့်များ ဝေဆာဖူးပွင့်နေမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ကမ္ဘာနှင့်တစ်ဝန်းလူသားများအားလုံး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ နေထိုင်နိုင်ကြဖို့ အရေးကြီးလှပေသည်။ ကိုင်းပင်သည် ကျွန်းကိုမှီ၍ ပေါက်ရောက်ရသည်။ ကျွန်းသည်လည်း ကိုင်းပင်ကြောင့် တည်တံ့ရသည်။ ကိုင်းနှင့်ကျွန်းသည် အချင်းချင်း အပြန်အလှန် အမှီသဟဲပြုကာ ကျွန်းရောကိုင်းပါ အကျိုးဖြစ်ထွန်းရသည်။ ဤသဘောတရားအတိုင်းပင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အချင်းချင်းအပြန်အလှန် အမှီသဟဲပြုပြီး တစ်ဦးအကျိုး၊ တစ်ဦးပြုကာ ယှဉ်တွဲနေထိုင်သွားနိုင်ရေး အထူးကြိုးပမ်းကြဖို့ လိုအပ်ပါသည်။

အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်း ၁၀ဝ ကျော် မှီတင်း နေထိုင်ကြသော ကျွန်တော်တို့ပြည်ထောင်စု မြန်မာနိုင်ငံကြီး၌ ညီညွတ်မှုအား၊ စည်းလုံးမှုအား၊ အချင်းချင်းအပြန်အလှန် အမှီသဟဲပြုမှုအားများ ရှိဖို့အရေးကြီးလှပေသည်။ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အသက်တမျှ တန်ဖိုးကြီးလှသောအရာဖြစ်ပေ၏။ တန်ဖိုးရှိသောအရာကို တန်ဖိုးသိမှတန်ဖိုးရှိပေလိမ့်မည်။ ထိုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးတန်ဖိုးကို ကောင်းစွာသိမြင်နားလည်ခဲ့သော ခေါင်းဆောင်များကြောင့် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သော သမိုင်း မော်ကွန်းဝင်မှတ်တမ်း ဖြစ်ခဲ့ရသည်။

တန်ဖိုးသိမှ တန်ဖိုးရှိမည်

သို့ရာတွင် ကြီးမားမြင့်မြတ်လှသော တန်ဖိုးကိုမသိ နားမလည်သူများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံကြီးသည်လည်း လျှမ်းလျှမ်းတောက် ထိန်ထိန်ညီးရမည့်အစား ချွတ်ခြုံကျ မွဲပြာခဲ့ရသော အခြေသို့ စိုက်ခဲ့ရလေ၏။ မြန်မာပြည်၌ ရေမြေတောတောင် သဘာဝ သယံဇာတများ ပေါကြွယ်ဝပါလျက်နှင့် ကောင်းမွန်သေသပ် စည်းစနစ်ကျစွာ ခွဲဝေအသုံးမချနိုင်ခဲ့၍ မြန်မာနိုင်ငံသည် သူများ နောက်ရောက်မှန်းမသိ ရောက်ခဲ့ရလေ၏။

ကျွဲဟူသည် အဟိတ်တိရစ္ဆာန်မျှဖြစ်ရာ သာယာသော စောင်းသံကိုမည်သို့မျှ နားလည်နိုင်စွမ်း၊ ခံယူနိုင်စွမ်းမရှိ။ ယင်း သတ္တဝါ၏ အနီးအပါးဝယ် မည်မျှသာယာသောစောင်းသံကို တီးပြစေကာမူ အချည်းအနှီးအကျိုးမဲ့သာဖြစ်ပေမည်။ ထို့အတူပင် လူ့လောက၌ မသိနားမလည်၊ ပညာမဲ့သောသူတို့အား မည်မျှလေးနက် အဖိုးတန်သောစကားတို့ကို ပြောကြားပါသော်လည်း နာယူရမှန်းမသိ၊ အကျိုးရှိမှန်းမသိကြသဖြင့် အချည်းအနှီးအကျိုးမဲ့ဖြစ်ရတတ်ခြင်းကို မြန်မာစကားပုံတွင် ကျွဲပါးစောင်းတီးဟုဆိုလေသည်။ ကျွန်တော်တို့နိုင်ငံ၌ ကျွဲပါးမှာ နှစ်ပေါင်း ၅၀ ကျော်လောက် စောင်းတီးခဲ့ကြသလို ဖြစ်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပေးခဲ့သော ပင်လုံစိတ်ဓာတ်အမွေ ပျောက်ဆုံးခဲ့ကြရ၏။ ထိုပင်လုံ စိတ်ဓာတ်ကို ပြန်လည်ရှင်သန်စေရန် ကြိုးပမ်းခဲ့ကြသူများသည်ပင် သွားပါသော်လည်း ခရီးမတွင်ဖြစ်ခဲ့ကြသည်။ အားမတန် မာန်လျှော့ခဲ့ကြရသည်။

ယခုအချိန်အခါသမယသည် သမိုင်းမော်ကွန်းအသစ်တစ်ခုကို ရေးထိုးနိုင်ရေးကြိုးပမ်းနေသော ကာလဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်သော အချက်အလက်များအား ပြည်ထောင်စုလွှတ်တော်ကြီး၌ ဆွေးနွေးနေ ကြပြီဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်ချက်ထား ဆောင်ရွက်ကြရန် အချိန်တန်ပါပြီ။

ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေရန်

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေရန် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်ကြရမည့် အချိန်လည်း ဖြစ်နေပါပြီ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းရင်းသားများ အချင်းချင်းကြား ဖြစ်ပေါ်လာသော ပြဿနာများကို အပြန်အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းကို အထမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန် အချိန်အခါလည်း ဖြစ်နေပါပြီ။

မြန်မာ့အလင်း

ကျွန်တော်ကြားဖူးသော ကချင်ဂျိမ်းဖော့စကားပုံ တစ်ခု ရှိသည်။ “ဇွဲကကျောရိုး၊ ဝီရိယမှာထမ်းပိုး” ဖြစ်၏။ ကျောရိုးသည် လူ့ခန္ဓာကိုယ်၏ အရေးကြီးသောအဓိကအစိတ်အပိုင်း ဖြစ်သည်။ ကျောရိုးမခိုင်လျှင် သွားလာလှုပ်ရှားခြင်းမပြုနိုင်။ ထို့ကြောင့် ကချင်ဂျိမ်းဖော့တို့ကဇွဲ၏အရေးကြီးပုံကိုကျောရိုးနှင့်နှိုင်းပြပြီး ဇွဲကိုအမာခံပြုရန် ဆိုထားသည်။ ဝီရိယလည်း ထို့အတူလိုအပ်ပေ၏။ ထို့ကြောင့် ဝီရိယကိုပါ ထမ်းပိုးသဖွယ် ထမ်းရွက်ထားအပ်ကြောင်းဆိုလိုပါသည်။ ဇွဲနှင့်ဝီရိယရှိလျှင် ကောင်းမြတ်သော စီးပွားချမ်းသာများကို ရနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

ရှိပြီးဖြစ်သည့် ပင်လုံစိတ်ဓာတ်

သို့ပါ၍ ကျွန်တော်တို့ တိုင်းရင်းသားညီကိုမောင်နှမများ အားလုံးသည် တစ်မြေတည်းမှာနေ၊ တစ်ရေတည်းသောက်၊ အေးအတူပူအမျှ လက်တွဲမဖြုတ်စတမ်း နေထိုင်သွားနိုင်ဖို့ရာ ရှိပြီးဖြစ်သည့် ပင်လုံစိတ်ဓာတ်ကို ပိုမိုခိုင်မာအောင် ကြိုးစား ကြရပါမည်။ (၂၁) ရာစုပင်လုံညီလာခံကို အကြောင်းပြုပြီး ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ဇွဲလုံ့လ၊ ဝီရိယ စိုက်ထုတ်ကြိုးပမ်းကြလျှင် အချိန်တိုအတွင်း ကမ္ဘာ့နောက် တန်းရောက်နေသည့်အခြေအနေမှ ရှေ့တန်းသို့ ပြန်ရောက် လာနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရလျှင် ကျွန်တော်တို့ပြည်ထောင်စုသားများ အားလုံး စည်းလုံးညီညွတ်မှုမပျက်ပြားဘဲ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးမှုများဖြင့် ရှေ့အနာဂတ်ခရီးကိုချီတက်ကြရပါ မည်။ နွားကွဲလျှင် ကျားဆွဲခံရမည့်အရေးများကိုတွေးလျက် အချင်းချင်း စည်းလုံးညီညွတ်မှုစိတ်ဓာတ်များ ခိုင်မာ အားကောင်းရန် ကြိုးစားကြရပါမည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန် အားကိုးအားထားပြု နေထိုင်ခြင်း ဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုမြှင့်တင်ရပါမည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် အမျိုးသား ရင်ကြားစေ့ရေးမူကို လက်ကိုင်ထားပြီး အသွင်မတူညီမှုများ ကို အနီးစပ်ဆုံး တူညီမှုရှိလာသည်အထိ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကာ သာယာလှပသည့် အနာဂတ်ကို တိုင်းရင်းသား ပြည်သူလူထု အားလုံးကိုယ်တိုင် ထုဆစ်ဖန်တီးကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။

မြန်မာ့အလင်း