IT Audit ဆောင်ရွက်နိုင်ရန်အတွက် Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့်    IT Audit ဆိုင်ရာ Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာ ကံဇော်က  ယနေ့ကမ္ဘာသည် Fourth Industrial Revolution ခေတ်သို့ရောက်ရှိနေပြီဖြစ်ရာ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်  သတင်းအချက် အလက်နည်းပညာ (Information Technology : IT) သည် အရေးပါသည့် မဏ္ဍိုင်တစ်ခုဖြစ်လာပါ ကြောင်း၊ ထို့ကြောင့် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ သည် IT ဆိုင်ရာ ကျွမ်းကျင်မှု အရည် အသွေးများ ပြည့်ဝစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ပါ ကြောင်း၊ IT ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းသည် အချိန်ကုန်သက်သာ၍ လုပ်ငန်း တွင်ကျယ်သည့် အကျိုးကျေးဇူးများရှိသကဲ့သို့ သတင်းအချက်အလက်ပေါက် ကြားခြင်းဆိုင်ရာ ဆိုးကျိုးများလည်းရှိသည်ဖြစ်ရာ သတင်းအချက်အလက်လုံခြုံမှု ဆိုင်ရာ ကြီးကြပ်ထိန်းချုပ် မှုများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

 

သို့ပါ၍ သင်တန်းဆင်းများအနေဖြင့် ယခုသင်တန်းမှပို့ချမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချခြင်း၊ ပြန်လည်မျှဝေသင်ကြားပေးခြင်းနှင့် IT ဆိုင်ရာ ဗဟုသုတ၊ ပညာရပ်များကို ဆက်လက် လေ့လာဖြည့်ဆည်းခြင်းတို့ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ခံယူချက်ကောင်းများထားရှိ၍  ကြိုးစားသွား ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။

 

အဆိုပါ သင်တန်းကို (၈) ရက်ကြာဖွင့်လှစ်သင်ကြားခဲ့ပြီး ရုံးချုပ်မှ ဝန်ထမ်း (၂) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝန်ထမ်း (၁၂) ဦး၊ စုစုပေါင်း(၁၄)ဦး တက်ရောက်ပြီး မြောက်ခဲ့သည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား များ တက်ရောက်ကြကြောင်း သိရသည်။ 

 

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ “အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ”ခေါင်းစဉ်ဖြင့်  ကျင်းပသည့် အသိပညာ မျှဝေရေးဆွေးနွေးပွဲအမှတ်စဉ် (၁၇) သို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့  ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ဝန်ထမ်းစုစုပေါင်း( ၃၉၈ )ဦးတို့သည် စုပေါင်းခန်းမနှင့် နေပြည်တော်သင်တန်းခန်းမ (၂)ခု၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး တို့မှ Virtual  စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)