ဟန်ချက်ညီ ထိန်းညှိပိုင်ခွင့်မရှိသည့် လုပ်ပိုင်ခွင့်တို့၏ အန္တရာယ်

၁၇ မေ

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ရန်ခွင့်ပြု၊ မပြု ကိစ္စကို ဆုံးဖြတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က ရှေ့လာမည့်လတွင် တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်မည်ဟု သိရှိရပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ ရှေ့နေချုပ် ဖာတူးဘင်ဆူဒါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၌ တရားသူကြီးသုံးဦး ရှေ့မှောက်ထံ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ထွက်ဆိုမည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံသည် ရောမပဋိညာဉ် (Rome Stature) ၌ ပါဝင်လက်မှတ်ရေးထိုး မထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသည် မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးခွင့် မရှိပါ။

 

 

ဘူရွန်ဒီနိုင်ငံအခြေအနေနှင့် ရခိုင်ပြည်နယ်၏ အခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ်ပါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးခွင့်မရှိဟူသော အချက်မှာ ပိုမိုပေါ်လွင်ထင်ရှားမည်ဖြစ်ပါသည်။ ဘူရွန်ဒီနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ ၁၉၉၃ ခုနှစ် ကာလအတွင်း လူမျိုးတုံးသတ်ဖြတ်မှု နှစ်ကြိမ်ကြုံတွေ့ ခဲ့ရပြီး အပြစ်မဲ့ ပြည်သူနှစ်သိန်းခွဲခန့် သေဆုံးခဲ့ရပါသည်။ ဤဘူရွန်ဒီနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် နုတ်ထွက်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘူရွန်ဒီနိုင်ငံ၏အဖွဲ့ဝင် ဖြစ်စဉ်ကာလအတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များအပေါ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဤသည်မှာ ဘူရွန်ဒီနိုင်ငံ၏ အဖွဲ့ဝင်မဟုတ်သော ကာလအတွက် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICC) ၌ စုံစမ်းစစ်ဆေးခွင့်မရှိဟူသော အချက်ကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ရှေ့နေချုပ် ဖာတူးဘင်ဆူဒါက ဦးဆောင်ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။ ဤနေရာ၌ ရှေ့နေချုပ် ဖာတူးဘင်ဆူဒါ၏ အခန်းကဏ္ဍကို မေးခွန်းထုတ်စရာရှိပါသည်။ နိုင်ငံတကာဆက်ဆံရေး မျက်နှာစာတွင် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၌စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများရှိလာပါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ ရှေ့နေချုပ်နှင့် တရားသူကြီးတို့၏ လုပ်ပိုင်ခွင့်ကို ဟန်ချက်ညီ ဘောင်မကျော်စေရန် ထိန်းညှိပေးနိုင်သည့် လုပ်ငန်းယန္တရားမရှိဟု ဝေဖန်ကြပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးတွင် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုများရှိပါက ဤခုံရုံး၏ ရှေ့နေချုပ်နှင့် တရားသူကြီးတို့၏ လုပ်ပိုင်ခွင့်အပေါ် ထိန်းညှိနိုင်သော လုပ်ငန်းယ္တရားမရှိဟု ခံယူထားပါသည်။ အမေရိကန်နိုင်ငံ၌ ၎င်း၏ ဝန်ထမ်းများ ကာကွယ်ရေးဥပဒေ (The American Service Members’ Protection Act ASPA) ရှိပါသည်။ ဤဥပဒေအရ အမေရိကန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ဖမ်းဆီးထားသော(သို့မဟုတ်) ထိန်းသိမ်းထားသော မိမိနိုင်ငံသားများနှင့် မဟာမိတ်နိုင်ငံသားတို့၏ လွတ်မြောက်ရေးအတွက် စစ်ရေးအပါအဝင် နည်းလမ်းပေါင်းစုံကျင့်သုံး ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမျှတမှုရှိသော နိုင်ငံတကာဆက်ဆံရေးစနစ်တစ်ရပ် သက်ဝင်တည်တံ့ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)၏ လုပ်ငန်းယန္တရား၌ တစ်စုံတစ်ရာ အာမခံချက်မရှိသည်မှာ ပေါ်လွင်ထင်ရှားကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း