ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ဖျက်ရမည့် အဂတိလိုက်စားမှု

 

မျိုးငြိမ်းငယ်

 

အဂတိလိုက်စားမှု

 

ကမ္ဘာတစ်ဝန်းရှိနိုင်ငံများတွင် အဂတိလိုက်စားမှုကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် တွေ့ရပါသည်။ အဂတိလိုက်စားမှု ဖြစ်ရသည့် အရင်းခံအကြောင်းတရားများနှင့် ဖြစ်လာသည့်အကျိုးဆက်များသည် များစွာကျယ်ပြန့်သည်ကို တွေ့ရပါသည်။

 

အဂတိလိုက်စားမှုသည် အိမ်တစ်အိမ်တွင် ခြစားနေသည်နှင့် တူပါသည်။ ခြစားခြင်း၏သဘောသည် တဖြည်းဖြည်းနှင့် အိမ်ကို ဖျက်ဆီးခြင်းဖြစ်သဖြင့် နောက်ဆုံးတွင် အိမ်ပျက်စီးရသည့်အဖြစ်သို့ ရောက်ရပါသည်။ သို့ဖြစ်၍ အဂတိ လိုက်စားမှုများကို အကျင့်ပျက်ခြစားမှုဟုလည်း သုံးနှုန်းကြပါသည်။ ယင်းသို့သော အဂတိလိုက်စားမှုများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အတားအဆီးသဖွယ်ဖြစ်လာပါသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ် တည်ဆောက်ရာတွင် အဂတိလိုက်စားမှုများ သည် ဆိုးကျိုးများကိုဖြစ်စေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းအပေါ် ကြီးမားသောထိခိုက် ဆုံးရှုံးမှုများကို ဖြစ်စေပါသည်။ သို့ဖြစ်၍ အဂတိလိုက်စားမှုကို ကမ္ဘာ့ဘဏ်က အသံတိတ်လူသတ်သမားဟု သုံးနှုန်းထားသည်ကို တွေ့ရပါသည်။

 

ထို့အပြင် အဂတိလိုက်စားမှုသည် ရှုပ်ထွေးလှသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး တစ်ဦးချင်းအပေါ်၊ အဖွဲ့အစည်းများအပေါ်၊ နိုင်ငံအပေါ် အကျိုးသက်ရောက်မှုများရှိနေ ပါသည်။ အထူးသဖြင့် အဂတိလိုက်စားမှုကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်ရေးကိုပါ ထိခိုက်စေပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းဆဲနိုင်ငံအတွက်မူ အဂတိလိုက်စားမှုကြောင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများခိုင်မာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားများဖြစ်စေပါသည်။

 

အဓိပ္ပာယ်

 

အဂတိလိုက်စားမှုသည် ပါဝင်ပတ်သက်သူအမျိုးမျိုး၊ အဂတိလိုက်စားသည့် ပုံစံအမျိုးမျိုးရှိနေခြင်းကြောင့် အဂတိလိုက်စားမှုအတွက် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံများအလိုက် အဓိပ္ပာယ်ဖွင့်ဆိုမှုများရှိကြပါသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃) အခန်း (၁) ပုဒ်မ ၃ တွင် လာဘ်ပေးလာဘ်ယူမှုကို အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ကမ္ဘာ့ဘဏ်၏ ဖွင့်ဆိုချက်တွင် အဂတိလိုက်စားမှုသည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်အာဏာ (public office) ကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုမှ ပြည်သူ့ဘဏ္ဍာငွေ ခိုးယူမှုအထိ ကျယ်ပြန့်သောအပြုအမူများ အကျုံးဝင်သည် ဟုဆိုပါသည်။ အပ်နှင်းထားသောအာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ခြင်းဟု Transparency International အဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

 

ဝီကီပီးဒီးယားတွင် အဂတိလိုက်စားမှုသည် တရားမဝင်အကျိုး ခံစားခွင့်များရယူရန် သို့မဟုတ် တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ရန်အတွက် အခွင့်အာဏာအပ်နှင်းခံ ထားရသည့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှဆောင်ရွက်သည့် မရိုးသားမှု သို့မဟုတ် ရာဇဝတ်မှုတစ်ခုဖြစ်သည်ဟု တွေ့ရပါသည်။ အဆိုပါ ဖွင့်ဆိုချက်များကိုကြည့်ပါက ကိုယ်ကျိုးစီးပွား၊ လုပ်ပိုင်ခွင့်၊ အလွဲသုံးစားမှု၊ တရားမဝင်ဆိုသည့် အဓိကအချက်များကို တွေ့ရသည်။ အဂတိလိုက်စားမှုတွင် တိုက်ရိုက်အဂတိလိုက်စားမှုနှင့် သွယ်ဝိုက်အဂတိလိုက်စားမှုဟူ၍လည်း တွေ့ရသည်။

 

အရင်းခံအကြောင်းတရားများ

 

နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုနှင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း အဂတိလိုက်စားမှုဖြစ်ပေါ်စေသည့် အရင်းခံအကြောင်းတရားများသည် များပြားလှပါသည်။ ထိုအရင်းခံ အကြောင်းတရားများတွင် ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ လောဘ၊ စိတ်အရည်အသွေး၊ အစဉ်အလာကဲ့သို့ အတွင်းပိုင်းအရာများ ပါဝင်သကဲ့သို့ ဆင်းရဲမွဲတေမှု၊ မညီမျှမှု၊ ငွေကြေးမလုံလောက်မှု၊ ရှုပ်ထွေးသည့်လုပ်ငန်းစနစ်များ၊ အလုပ်အကိုင်ရှားပါးမှုကဲ့သို့သော အပြင်ပိုင်း အစိတ်အပိုင်းများလည်း ဆက်စပ်ပါဝင်နေတတ်ကြပါသည်။

 

ယင်းအခြေအနေများအလိုက် အဂတိလိုက်စားမှု အကြီး၊ အသေးနှင့် အစုလိုက် အဂတိလိုက်စားမှုများကို ဖြစ်စေပါသည်။ ထို့အပြင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်ဝန်း ကဏ္ဍအားလုံးတွင် နေရာမရွေး၊ မည်သူမဆို ပါဝင်ပတ်သက်နိုင်သည့်အပြင် နောက်ကွယ်မှ အဂတိ လိုက်စားမှုများလည်း ဖြစ်ပွားနိုင်ပါသည်။

 

ထိုသို့သောအခြေအနေများတွင် အဂတိလိုက်စားမှုဖြစ်ပွားနိုင်သည့် အရင်းခံအကြောင်းတရားများသည်လည်း အခြေအနေနှင့် အချိန်အခါအလိုက် ပြောင်းလဲဖြစ်ပွားကြသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ပွားနိုင်သည့် အကြောင်းရင်းများထဲတွင် ယေဘုယျအားဖြင့် အစိုးရအင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်အားနည်းမှု၊ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ၊ ဗဟိုချုပ်ကိုင်မှုများခြင်း၊ စီးပွား ရေးလွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ တာဝန်ယူ တာဝန်ခံမှုမရှိခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှုမရှိခြင်း၊ ဝန်ထမ်းများ၏ လုပ်ခလစာမလုံလောက်မှု၊ သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး၊ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမူဝါဒနှင့် အကောင်အထည်ဖော်မှု အားနည်းခြင်း၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် လူထု၏ ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်း၊ ယှဉ်ပြိုင်မှုအားနည်းခြင်း၊ ဆင်းရဲနွမ်းပါးမှုများ၊ ပညာရေးအခြေအနေ၊ နိုင်ငံရေးမတည်ငြိမ်မှုကဲ့သို့သော အကြောင်းတရားများ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆက်စပ်ပါဝင်နေသည်ကို တွေ့ရသည်။

 

သို့ဖြစ်ရာ အဂတိလိုက်စားမှုဖြစ်စေသည့် အကြောင်းတရားများသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်သဘောထား၊ အလေ့အထတို့နှင့်သက်ဆိုင်သည်ကို တွေ့ရသကဲ့သို့ ပတ်ဝန်းကျင်အခြေအနေများ၏ လွှမ်းမိုးမှုများကြောင့် ဖြစ်ပွားသည်ကိုလည်း တွေ့ရပါသည်။

 

အကျိုးဆက်များ

 

အဂတိလိုက်စားမှုသည် နယ်ပယ်စုံ၊ လူတန်းစားပေါင်းစုံတွင် တွေ့ရတတ်သည်ဖြစ်ရာ ယင်းမှဖြစ်လာသည့် အကျိုးဆက်များသည်လည်း များပြားကျယ်ပြန့်လှပါသည်။ ဥပမာအားဖြင့် စီးပွားရေး နယ်ပယ်ဆိုင်ရာတွင် အဂတိလိုက်စားမှုကြောင့် စီးပွားရေးလုပ်ကိုင် ရန်ခက်ခဲလာခြင်း၊ စီးပွားရေးမညီမျှမှုများဖြစ်လာခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်ခြင်း၊ စီးပွားရေးတိုးတက်မှုကျဆင်း ခြင်းတို့အပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ ယှဉ်ပြိုင်မှု၊ စီးပွားရေး တစ်ရပ်လုံး တစ်ပြေးညီဖွံ့ဖြိုးမှုတို့တွင်လည်း အကျိုးသက်ရောက်လာသည်ကို တွေ့ရပါသည်။

 

အလားတူပင် အဂတိလိုက်စားမှုများရှိနေသည့် အခြားသော နယ်ပယ်များတွင်လည်း ဆိုးကျိုးများ သက်ရောက်လျက် ရှိပါသည်။ အဂတိလိုက်စားမှု ဖြစ်ပွားသည့်ကဏ္ဍများ ကျယ်ပြန့်လာသည်နှင့်အမျှ ဖြစ်လာသည့်အကျိုးဆက်များသည် တစ်ဦးချင်းအပေါ်၊ လူ့အဖွဲ့အစည်းအပေါ်နှင့် နိုင်ငံအပေါ် ထိခိုက်ဆုံးရှုံးမှုများဖြစ်စေပါသည်။ ယင်းသည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုအဖြစ် တွေ့ရပါသည်။

 

အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ တွေ့ရှိချက်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို လျော့ကျစေခြင်း၊ နိုင်ငံ၏ စွမ်းဆောင်ရည်ကျဆင်းခြင်း၊ စီးပွားရေးဆုံးရှုံးမှုနှင့် စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကျဆင်းခြင်း၊ ဆင်းရဲ မွဲတေမှုနှင့်မညီမျှမှု၊ ကိုယ်ရည်ကိုယ်သွေး ဆုံးရှုံးခြင်း၊ ယုံကြည်မှု ကျဆင်းခြင်း၊ မသမာမှုနည်းလမ်းများ တိုးမြင့်လာခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား အခက်အခဲများဖြစ်ပေါ်လာခြင်း စသည်တို့ ပါဝင်သည်ကို တွေ့ရပါသည်။ ယင်းအချက်များသည် ယေဘုယျခြုံငုံသည့် အချက်များသာဖြစ်ပြီး အဂတိလိုက်စားမှုဖြစ်ပွားသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆုံးရှုံးမှုများနှင့် ဆင့်ပွားအကျိုးဆက်များရှိနေပါသည်။

 

လက်တွေ့နယ်ပယ်တွင်လည်း အဂတိလိုက်စားမှုများကြောင့် တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် အဂတိလိုက်စားမှုများကြောင့် ယုံကြည်မှုများ ကျဆင်းခြင်း၊ လူထုနှင့် ပူးပေါင်းဆောင်ရွက်မှုကျဆင်းခြင်းနှင့် မသမာမှုနည်းလမ်းများ ပိုမိုအသုံးပြုလာခြင်း စသည့် ကွင်းဆက် ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရပါသည်။

 

ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး

 

အထက်တွင် ဆိုခဲ့သကဲ့သို့ အဂတိလိုက်စားမှုသည် အိမ်တစ်အိမ်၏ အုတ်နံရံ၌ ညောင်ပင်ကပ်ပေါက်သကဲ့သို့ ယင်းညောင်ပင်ကြီးလာသည်နှင့်မျှ ကြီးထွားလာသည့် ညောင်မြစ်များက အိမ်တစ်အိမ်လုံးကို ပြိုကျပျက်စီးစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ညောင်မြစ်များ ကောင်းစွာအမြစ်မတွယ်မီကပင် ဖယ်ရှားရန်လိုအပ်ပါသည်။ အဂတိလိုက်စားမှု တစ်ခုသည် သာမန်အားဖြင့် အရေးမကြီးဟုထင်ရသော်လည်း ယင်းကြောင့်ဖြစ်လာမည့် အကျိုးဆက်များသည် များပြားလှသည်ဖြစ်ရာ အဂတိလိုက်စားမှုကို မျက်ကွယ်ပြုနေခြင်း၊ ကြိုတင်မကာကွယ်ခြင်း၊ ဥပဒေအရ ထိရောက်စွာ အရေးမယူနိုင်ခြင်းနှင့် အားလုံး၏ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် အဂတိ လိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်းနှင့် အုပ်ချုပ်ရေးစနစ်အတွင်း ယဉ်ကျေးမှုတစ်ရပ်သဖွယ် အမြစ်တွယ်လာမည်ဖြစ်ပါသည်။

 

အဂတိလိုက်စားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှစ်စဉ် ကမ္ဘာ့ GDP ၏ ငါးရာခိုင်နှုန်း အနည်းဆုံးရှိနေပြီး ယင်းမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံ ပမာဏနှင့် ညီမျှကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် အချက်အလက်များအရ သိရပါသည်။ များစွာကြီးမားသော ပမာဏဖြစ်သည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံအသီးသီး၊ အစိုးရအသီးသီးက ကိုင်တွယ်ဖြေရှင်းနေကြသည်များ ရှိသကဲ့သို့ ကုလသမဂ္ဂကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေသည်များရှိပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (UNCAC)သည် ဒေသတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များကို အားကောင်းစေရန်နှင့် ပြည့်စုံသောမူဘောင်များ ဖြစ်စေရန် ပံ့ပိုးပေးထားသည်ကို တွေ့ရပါသည်။

 

၂၀၂၁ ခုနှစ် နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ကျင်းပရာတွင် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အစိုးရ များ၊ အစိုးရအရာရှိများ၊ ပြည်သူ့ဝန်ထမ်းများ၊ တရားဥပဒေစိုးမိုးရေးအရာရှိများ၊ မီဒီယာများ၊ ပုဂ္ဂလိကအခန်းကဏ္ဍ၊ လူမှုအဖွဲ့အစည်း၊ ပညာရေးအသိုက်အဝန်း၊ ပြည်သူလူထုနှင့် လူငယ် များအပါအဝင် လူတိုင်း၏ အခွင့်အရေးများနှင့် တာဝန်ရှိမှုများကို မီးမောင်းထိုးပြခဲ့သည်ကို တွေ့ရပါသည်။ လူမှုအသိုက်အဝန်းအဆင့် အားလုံးရှိ ဂုဏ်သိက္ခာမြှင့်တင်ရန်အတွက် အစိုးရများနှင့်အတူ လူတစ်ဦးချင်းစီအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အခန်း ကဏ္ဍတစ်ခုမှ ပါဝင်ကြရမည်ဖြစ်ပါသည်။

 

ထိုသို့တိုက်ဖျက်ရာတွင် ထိရောက်အောင်မြင်မှုရရှိစေရန်အတွက် အဂတိလိုက်စားမှုကို လူထုက ထုတ်ဖော်ရန်နှင့် လက်မခံရန် လိုအပ်ပါသည်။ ထိုသို့ လူထုအဆင့်အတန်းအားလုံးမှ ပူးပေါင်းလုပ်ဆောင်လာနိုင်သည့် မူဝါဒများ၊ စနစ်များနှင့် အကောင်အထည်ဖော်မှုများချမှတ်ခြင်းဖြင့် အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ပါသည်။ ထို့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား ထုတ်ဖော်သည့်လူထုကို အကာအကွယ်ပေးရန် လိုအပ်ပါသည်။ သို့မှသာ လူထု၏ ထိရောက်စွာပူးပေါင်းဆောင်ရွက်မှု ကို ရရှိမည်ဖြစ်ပါသည်။

 

ထိရောက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းရာတွင် အစိုးရစနစ်တစ်ခုလုံးနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတိုင်းအတာဖြင့် ချဉ်းကပ်ရန်လိုအပ်ပါသည်။ ထို့အပြင် အခြားမတူညီသောကဏ္ဍများနှင့် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများ၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်မည်ဖြစ်ပြီး လူထု၏ ပူးပေါင်းပါဝင်မှုသည် ထိရောက်သောအကျိုးရလဒ်ကို ရရှိစေမည်ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီကို ဂုဏ်သိက္ခာရှိစေ၍ တရားမျှတမှုကို ရရှိစေပါသည်။

 

ပူးပေါင်းလုပ်ဆောင်မှု

 

တိုက်ရိုက်အဂတိလိုက်စားမှုနှင့် သွယ်ဝိုက်အဂတိလိုက်စားမှု နှစ်မျိုးစလုံးသည် နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍအသီးသီး၊ ပုဂ္ဂလိကကဏ္ဍများနှင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများကို ထိခိုက်စေသည့်အပြင် ကမ္ဘာ့ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေလျက်ရှိသဖြင့် လူတိုင်းနှင့်သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါသည်။ အဂတိ လိုက်စားမှုကို ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ အားပေးခြင်း၊ မျက်ကွယ်ပြုနေခြင်းသည် အခြေအနေကိုပိုမိုဆိုးရွားစေပြီး အဂတိလိုက်စားမှုကို ထုတ်ဖော်ခြင်း၊ လက်မခံခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဥပဒေနှင့် အရေးယူခြင်းသည် အဂတိလိုက်စားမှုကို လျော့ပါးစေမည်ဖြစ်ပါသည်။ အဂတိလိုက်စားမှု လျော့ပါးရေး၊ တိုက်ဖျက်ရေးအတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများ၊ အုပ်ချုပ်မှုစနစ်များရှိရန်လိုအပ် သည့်အပြင် တာဝန်ယူတာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အပြန်အလှန် ထိန်းကျောင်းမှုစနစ်များဖြင့်လည်း အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ပါသည်။

 

အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၊ ဆင်းရဲသောနိုင်ငံများနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ဆဲ နိုင်ငံများအတွက် အဂတိလိုက်စားမှုသည် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်များ၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုများ တည်ဆောက်ရာတွင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံ၏စနစ်များကို အောက်ခြေမှလှိုက်၍ပျက်စီးစေသဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ခြင်း၊ ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက် အောင်မြင်စေမည်ဖြစ်ပါသည်။