ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ဖျက်ရမည့် အဂတိလိုက်စားမှု

မျိုးငြိမ်းငယ်

အဂတိလိုက်စားမှု 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် အဂတိလိုက်စားမှုကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် တွေ့ရပါသည်။ အဂတိလိုက်စားမှုဖြစ်ရသည့် အရင်းခံအကြောင်းတရားများနှင့် ဖြစ်လာသည့်အကျိုးဆက်များသည် များစွာကျယ်ပြန့်သည်ကို တွေ့ရပါသည်။ 

အဂတိလိုက်စားမှုသည် အိမ်တစ်အိမ်တွင် ခြစားနေသည်နှင့်တူပါသည်။ ခြစားခြင်း၏သဘော သည် တဖြည်းဖြည်းနှင့် အိမ်ကိုဖျက်ဆီးခြင်းဖြစ်သဖြင့် နောက်ဆုံးတွင် အိမ်ပျက်စီးရသည့်အဖြစ်သို့ ရောက်ရပါသည်။ သို့ဖြစ်၍ အဂတိလိုက်စားမှုများကို အကျင့် ပျက်ခြစားမှုဟုလည်း သုံးနှုန်းကြပါသည်။ ယင်းသို့သော အဂတိလိုက်စားမှုများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတားအဆီးသဖွယ်ဖြစ်လာပါသည်။ 

နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ရပ် တည်ဆောက်ရာတွင် အဂတိလိုက်စားမှုများသည် ဆိုးကျိုးများကိုဖြစ်စေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်စေလျက်ရှိပါသည်။ သို့ဖြစ်၍ အဂတိလိုက်စားမှုကို ကမ္ဘာ့ဘဏ်က အသံတိတ်လူသတ်သမားဟု သုံးနှုန်းထားသည်ကိုတွေ့ရပါသည်။

ထို့အပြင် အဂတိလိုက်စားမှုသည် ရှုပ်ထွေးလှသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး တစ်ဦးချင်းအပေါ်၊ အဖွဲ့အစည်းများအပေါ်၊ နိုင်ငံအပေါ် အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ အထူးသဖြင့် အဂတိလိုက်စားမှုကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်ရေးကိုပါ ထိခိုက်စေပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ နိုင်ငံအတွက်မူ အဂတိလိုက်စားမှုကြောင့် ဒီမိုကရက်တစ်အင်စတီ ကျူးရှင်းများ ခိုင်မာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားများ ဖြစ်စေလျက်ရှိပါသည်။

 အဓိပ္ပာယ်

အဂတိလိုက်စားမှုသည် ပါဝင်ပတ်သက်သူ အမျိုးမျိုး၊ အဂတိလိုက်စားသည့် ပုံစံအမျိုးမျိုးရှိနေခြင်းကြောင့် အဂတိလိုက်စားမှုအတွက် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံအများအလိုက် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃) အခန်း (၁) ပုဒ်မ ၃ တွင် လာဘ်ပေးလာဘ်ယူမှုကို အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ကမ္ဘာ့ဘဏ်၏ ဖွင့်ဆိုချက်တွင် အဂတိလိုက်စားမှုသည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်အာဏာ (public office) ကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုမှ ပြည်သူ့ဘဏ္ဍာငွေ ခိုးယူမှုအထိ ကျယ်ပြန့်သောအပြုအမူများ အကျုံးဝင်သည်ဟု ဆိုပါသည်။ အပ်နှင်းထားသောအာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ခြင်းဟု Transparency International အဖွဲ့က အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

ဝီကီပီးဒီးယားတွင် အဂတိလိုက်စားမှုသည် တရားမ၀င်အကျိုးခံစားခွင့်များ ရယူရန် သို့မဟုတ် တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ရန်အတွက် အခွင့်အာဏာအပ်နှင်း ခံထားရသည့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်သည့် မရိုးသားမှု သို့မဟုတ် ရာဇဝတ်မှုတစ်ခုဖြစ်သည်ဟု တွေ့ရပါသည်။ အဆိုပါ ဖွင့်ဆိုချက်များကိုကြည့်ပါက ကိုယ်ကျိုးစီးပွား၊ လုပ်ပိုင်ခွင့်၊ အလွဲသုံးစားမှု၊ တရားမဝင်ဆိုသည့် အဓိကအချက်များကို တွေ့ရပါသည်။ အဂတိလိုက်စားမှုတွင် တိုက်ရိုက်အဂတိလိုက်စားမှုနှင့် သွယ်ဝိုက်အဂတိလိုက်စားမှုဟူ၍လည်း တွေ့ရပါသည်။

အရင်းခံအကြောင်းတရားများ

နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုနှင့် လူအဖွဲ့အစည်းတစ်ရပ်အတွင်း အဂတိလိုက်စားမှု ဖြစ်ပေါ် စေသည့် အရင်းခံအကြောင်းတရားများသည် များပြားလှပါသည်။ ထိုအရင်းခံအကြောင်းတရားများတွင် ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ လောဘ၊ စိတ် အရည်အသွေး၊ အစဉ်အလာကဲ့သို့ အတွင်းပိုင်း အရာများပါဝင်သကဲ့သို့ ဆင်းရဲမွဲတေမှု၊ မညီမျှမှု၊ ငွေကြေးမလုံလောက်မှု၊ ရှုပ်ထွေးသည့် လုပ်ငန်းစနစ်များ၊ အလုပ်အကိုင်ရှားပါးမှုကဲ့သို့သော အပြင် ပိုင်းအစိတ်အပိုင်းများလည်း ဆက်စပ်ပါဝင်နေတတ်ကြပါသည်။ 

ယင်းအခြေအနေများအလိုက် အဂတိလိုက်စားမှု အကြီး၊ အသေးနှင့် အစုလိုက် အဂတိလိုက်စားမှုများကို ဖြစ်စေပါသည်။ ထို့အပြင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်ဝန်း ကဏ္ဍအားလုံးတွင် နေရာမရွေး၊ မည်သူမဆို ပါဝင်ပတ်သက်နိုင်သည့်အပြင် နောက်ကွယ်မှ အဂတိလိုက်စားမှုများလည်း ဖြစ်ပွားနိုင်ပါသည်။

ထိုသို့သောအခြေအနေများတွင် အဂတိလိုက်စားမှုဖြစ်ပွားနိုင်သည့် အရင်းခံအကြောင်းတရားများသည်လည်း အခြေအနေနှင့် အချိန်အခါအလိုက် ပြောင်းလဲဖြစ်ပွားကြသည်ကို တွေ့ရပါသည်။ ယင်းသို့ ဖြစ်ပွားနိုင်သည့် အကြောင်းရင်းများထဲတွင် ယေဘုယျအားဖြင့် အစိုးရအင်စတီကျူးရှင်းများ၏စွမ်းဆောင်ရည် အားနည်းမှု၊ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ၊ ဗဟိုချုပ်ကိုင်မှုများခြင်း၊ စီးပွားရေး လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ တာဝန်ယူတာဝန်ခံမှုမရှိခြင်း၊ အပြန်အလှန် ထိန်းကျောင်းမှုမရှိခြင်း၊ ဝန်ထမ်းများ၏လုပ်ခလစာ မလုံလောက်မှု၊ သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး၊ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒနှင့် အကောင်အထည်ဖော်မှုအားနည်းခြင်း၊ ဒီမိုကရေစီအလေ့ အကျင့်များနှင့် လူထု၏ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်း၊ ယှဉ်ပြိုင်မှုအားနည်းခြင်း၊ ဆင်းရဲ မွဲတေမှုများ၊ ပညာရေးအခြေအနေ၊ နိုင်ငံရေး မတည်ငြိမ်မှုကဲ့သို့သော အကြောင်းတရားများ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆက်စပ်ပါဝင်နေသည်ကို တွေ့ရပါသည်။

သို့ဖြစ်ရာ အဂတိလိုက်စားမှုဖြစ်စေသည့် အကြောင်းတရားများသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ချင်းစီ၏ စိတ်သဘောထား၊ အလေ့အထတို့နှင့် သက်ဆိုင်သည်ကို တွေ့ရသကဲ့သို့ ပတ်ဝန်းကျင်အခြေအနေများ၏ လွှမ်းမိုးမှုများကြောင့် ဖြစ်ပွားသည်ကိုလည်း တွေ့ရပါသည်။

 အကျိုးဆက်များ

အဂတိလိုက်စားမှုသည် နယ်ပယ်စုံ၊ လူတန်းစားပေါင်းစုံတွင် တွေ့ရတတ်သည်ဖြစ်ရာ ယင်းမှဖြစ်လာသည့် အကျိုးဆက်များသည်လည်း များပြားကျယ်ပြန့် လှပါသည်။ ဥပမာအားဖြင့် စီးပွားရေးနယ်ပယ်ဆိုင်ရာတွင် အဂတိလိုက်စားမှုကြောင့် စီးပွားရေးလုပ်ကိုင်ရန်ခက်ခဲလာခြင်း၊ စီးပွားရေးမညီမျှမှုများ ဖြစ်လာခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်ခြင်း၊ စီးပွားရေးတိုးတက်မှုကျဆင်းခြင်းတို့အပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ ယှဉ်ပြိုင်မှု၊ စီးပွားရေးတစ်ရပ်လုံး တစ်ပြေးညီဖွံ့ဖြိုးမှုတို့တွင်လည်း အကျိုးသက်ရောက်လာသည်ကို တွေ့ရပါသည်။ 

အလားတူပင် အဂတိလိုက်စားမှုများရှိနေသည့် အခြားသောနယ်ပယ်များတွင်လည်း ဆိုးကျိုးများသက်ရောက်လျက်ရှိပါသည်။ အဂတိလိုက်စားမှု ဖြစ်ပွားသည့်ကဏ္ဍများ ကျယ်ပြန့်လာသည်နှင့်အမျှ ဖြစ်လာသည့်အကျိုးဆက်များသည် တစ်ဦးချင်းအပေါ်၊ လူ့အဖွဲ့အစည်းအပေါ်နှင့် နိုင်ငံအပေါ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေပါသည်။ ယင်းသည် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုအဖြစ် တွေ့ရပါသည်။

အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ တွေ့ရှိချက်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို လျော့ကျစေခြင်း၊ နိုင်ငံ၏ စွမ်းဆောင်ရည်ကျဆင်းခြင်း၊ စီးပွားရေးဆုံးရှုံးမှုနှင့် စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများ ကျဆင်းခြင်း၊ ဆင်းရဲမွဲတေမှုနှင့်မညီမျှမှု၊ ကိုယ်ရည်ကိုယ်သွေးဆုံးရှုံးခြင်း၊ ယုံကြည်မှုကျဆင်းခြင်း၊ မသမာမှုနည်းလမ်းများ တိုးမြင့်လာခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား အခက်အခဲများ ဖြစ်ပေါ်လာခြင်းစသည်တို့ ပါဝင်သည်ကို တွေ့ရပါသည်။ ယင်းအချက်များသည် ယေဘုယျခြုံငုံသည့် အချက်များသာဖြစ်ပြီး အဂတိလိုက်စားမှုဖြစ်ပွားသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် သက်ဆိုင်ရာနယ်ပယ်အလိုက် ဆုံးရှုံးမှုများနှင့် ဆင့်ပွားအကျိုးဆက်များ ရှိနေပါသည်။ 

လက်တွေ့နယ်ပယ်တွင်လည်း အဂတိလိုက်စားမှုများကြောင့် တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် အဂတိလိုက်စားမှုများကြောင့် ယုံကြည်မှုများ ကျဆင်းခြင်း၊ လူထုနှင့်ပူးပေါင်းဆောင်ရွက်မှု ကျဆင်းခြင်းနှင့် မသမာမှုနည်းလမ်းများ ပိုမိုအသုံးပြု လာခြင်းစသည့် ကွင်းဆက်ဘေးထွက်ဆိုးကျိုးများ လည်း ဖြစ်ပေါ်လာသည်ကို တွေ့ရပါသည်။ 

ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး

အထက်တွင် ဆိုခဲ့သကဲ့သို့ အဂတိလိုက်စားမှုသည် အိမ်တစ်အိမ်၏ အုတ်နံရံ၌ ညောင်ပင်ကပ်ပေါက် သကဲ့သို့ ယင်းညောင်ပင်ကြီးလာသည်နှင့်မျှ ကြီးထွားလာသည့် ညောင်မြစ်များက အိမ်တစ်အိမ်လုံးကို ပြိုကျပျက်စီးစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ညောင်မြစ်များ ကောင်းစွာအမြစ်မတွယ်မီကပင် ဖယ်ရှားရန် လိုအပ်ပါသည်။ အဂတိလိုက်စားမှုတစ်ခုသည် သာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ယင်းကြောင့်ဖြစ်လာမည့် အကျိုးဆက်များသည် များပြားလှသည်ဖြစ်ရာ အဂတိလိုက်စားမှုကို မျက်ကွယ်ပြုနေခြင်း၊ ကြိုတင်မကာကွယ်ခြင်း၊ ဥပဒေအရ ထိရောက်စွာ အရေးမယူနိုင်ခြင်းနှင့် အားလုံး၏ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်းနှင့် အုပ်ချုပ်ရေးစနစ်အတွင်း ယဉ်ကျေးမှုတစ်ရပ်သဖွယ် အမြစ်တွယ်လာမည် ဖြစ်ပါသည်။
 
အဂတိလိုက်စားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှစ်စဉ် ကမ္ဘာ့ GDP ၏ ၅ ရာခိုင်နှုန်း အနည်းဆုံးရှိနေပြီး ယင်းမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံပမာဏနှင့် ညီမျှကြောင်း ကမ္ဘာ့ စီးပွားရေးဖိုရမ်အချက်အလက်များအရ သိရပါသည်။ များစွာကြီးမားသော ပမာဏဖြစ်သည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်ကဲ့သို့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း ကြရမည်ဖြစ်ပါသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံအသီးသီး၊ အစိုးရအသီးသီးက ကိုင်တွယ် ဖြေရှင်းနေကြသည်များရှိသကဲ့သို့ ကုလသမဂ္ဂမှလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေသည် များရှိပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (UNCAC)သည် ဒေသတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်များကို အားကောင်းစေရန်နှင့် ပြည့်စုံသောမူဘောင်များဖြစ်စေရန် ပံ့ပိုးပေးထားသည်ကို တွေ့ရပါသည်။ 

၂၀၂၁ ခုနှစ် နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ကျင်းပရာတွင် အဂတိလိုက်စားမှုအား ကိုင်တွယ်ဖြေရှင်းရာ၌ အစိုးရများ၊ အစိုးရအရာရှိများ၊ ပြည်သူ့ဝန်ထမ်းများ၊ တရားဥပဒေစိုးမိုးရေးအရာရှိများ၊ မီဒီယာများ၊ ပုဂ္ဂလိကအခန်းကဏ္ဍ၊ လူမှုအဖွဲ့အစည်း၊ ပညာရေးအသိုက်အဝန်း၊ ပြည်သူလူထုနှင့် လူငယ်များအပါအဝင် လူတိုင်း၏အခွင့်အရေးများနှင့် တာဝန်ရှိမှုများကို မီးမောင်းထိုးပြခဲ့သည်ကို တွေ့ရပါသည်။ လူမှုအသိုက်အဝန်းအဆင့်အားလုံးရှိ ဂုဏ်သိက္ခာ မြှင့်တင်ရန်အတွက် အစိုးရများနှင့်အတူ လူတစ်ဦး ချင်းစီအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြရမည် ဖြစ်ပါသည်။ 

ထိုသို့တိုက်ဖျက်ရာတွင် ထိရောက်အောင်မြင်မှုရရှိစေရန်အတွက် အဂတိလိုက်စားမှုကို လူထုက ထုတ်ဖော်ရန်နှင့် လက်မခံရန် လိုအပ်ပါသည်။ ထိုသို့ လူထုအဆင့်အတန်းအားလုံး ပူးပေါင်းလုပ်ဆောင် လာနိုင်သည့် မူဝါဒများ၊ စနစ်များနှင့် အကောင်အထည်ဖော်မှုများ ချမှတ်ခြင်းဖြင့် အဂတိလိုက်စားမှုကို ထိရောက်စွာတိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ပါသည်။ ထို့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးရန် လိုအပ်ပါသည်။ သို့မှသာ လူထု၏ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမည်ဖြစ်ပါသည်။ 

ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြိုးပမ်းရာတွင် အစိုးရစနစ်တစ်ခုလုံးနှင့် လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအတိုင်းအတာဖြင့် ချဉ်းကပ်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြားမတူညီသောကဏ္ဍများနှင့် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများ၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်မည်ဖြစ်ပြီး လူထု၏ပူးပေါင်းပါဝင်မှုသည် ထိရောက် သောအကျိုးရလဒ်ကို ရရှိစေမည်ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီကို ဂုဏ်သိက္ခာရှိစေ၍ တရားမျှတမှုကို ရရှိစေပါသည်။

 ပူးပေါင်းလုပ်ဆောင်မှု

တိုက်ရိုက်အဂတိလိုက်စားမှုနှင့် သွယ်ဝိုက်အဂတိလိုက်စားမှု နှစ်မျိုးစလုံးသည် နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍအသီးသီး၊ ပုဂ္ဂလိကကဏ္ဍများနှင့် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများကို ထိခိုက်စေလျက် ရှိသည့်အပြင် ကမ္ဘာ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေလျက်ရှိသဖြင့် လူတိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါသည်။ အဂတိလိုက်စားမှုကို ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ အားပေးခြင်း၊ မျက်ကွယ်ပြုနေခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေပြီး အဂတိလိုက်စားမှုကို ထုတ်ဖော်ခြင်း၊ လက်မခံခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဥပဒေနှင့်အရေးယူခြင်းသည် အဂတိလိုက်စားမှုကို လျော့ပါးစေမည်ဖြစ်ပါသည်။ အဂတိလိုက်စားမှု လျော့ပါးရေး၊ တိုက်ဖျက်ရေးအတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများ၊ အုပ်ချုပ်မှုစနစ်များ ရှိရန်လိုအပ်သည့်အပြင် တာဝန်ယူတာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ထိန်းကျောင်းမှု စနစ်များဖြင့်လည်း အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ပါသည်။

အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၊ ဆင်းရဲသောနိုင်ငံများနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ဆဲနိုင်ငံများအတွက် အဂတိလိုက်စားမှုသည် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏အုပ်ချုပ်ရေးစနစ်များ၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုများ တည်ဆောက်ရာတွင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံ၏စနစ်များကို အောက်ခြေမှလှိုက်၍ ပျက်စီးစေသဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ခြင်း၊ ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိရောက်အောင်မြင်စေမည် ဖြစ်ပါသည်။    ။