ဟနွိုင်းမြို့၌ ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက်GMS ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြောကြား

ဟနွိုင်း ၃၁  မတ်

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ပိုင်းတွင် National Convention Center(NCC)၌ ကျင်းပသည့်GMS အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ဥက္ကဋ္ဌတို့၏ သီးသန့် အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ် မြောက်GMS ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်အတူ နံနက် ၈ နာရီ ၄၅ မိနစ်တွင် National Convention Center(NCC)၌ ကျင်းပသည့်GMSအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ဥက္ကဋ္ဌတို့၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။

 

သီးသန့်အစည်းအဝေးအပြီးတွင်GMS အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ် မန်နေဂျင်း ဒါရိုက်တာတို့သည် National Convention Center (NCC)ရှိ အစည်း အဝေးခန်းမ၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး GMS (၂၅) နှစ်မြောက် အထိမ်းအမှတ် ဗီဒီယိုဖိုင်ကို ကြည့်ရှုကြသည်။

 

တက်ရောက်

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည်National Convention Center (NCC) ၌ ဆက်လက်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ြွ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖု၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာ၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ် မန်နေဂျင်းဒါရိုက်တာ၊GMSအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဖွင့်မိန့်ခွန်း

 

ဖွင့်ပွဲအခမ်းအနားတွင် ဆဋ္ဌမအကြိမ်မြောက်GMSထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖုက အဖွင့်မိန့်ခွန်းပြောကြားသည်။

 

ယင်းနောက်GMS အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌတို့က မိန့်ခွန်းပြောကြား ကြသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်း ပြောကြားရာ၌ ''ရေရှည်တည်တံ့၍ ပေါင်းစည်းမှုရှိပြီး ပြည့်စုံကြွယ်ဝသည့် ဂျီအမ်အက်စ် ဒေသတစ်ခုအတွက် ၂၅ နှစ်တာကာလ ပူးပေါင်းဆောင်ရွက်မှုများကို အားပြု ဖော်ဆောင်ရေး'' ဆိုသည့် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်သည် မိမိတို့ဒေသ၏ လက်ရှိအချိန်နှင့် အကိုက်ညီဆုံး၊ အသင့်တော်ဆုံးပင်ဖြစ်ပါကြောင်း။

 

ပြီးခဲ့သည့်၂၅ နှစ်တာကာလအတွင်း မိမိတို့ ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများသည် ရေရှည်တည်တံ့၍ ပေါင်းစည်းမှု ရှိပြီး ပြည့်စုံကြွယ်ဝသည့် ဒေသခွဲကို အမှန်တကယ်ဖြစ်ပေါ် ရေးနှင့် ဒေသခွဲအတွင်းနှင့် ဒေသခွဲအလွန်တွင် တည်ရှိနေ သည့်စိန်ခေါ်မှုများကို ဦးတည်ဖြေရှင်းရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် အတူတကွ လုပ်ဆောင်လာခဲ့ကြ ပါကြောင်း။

 

မူဘောင်တစ်ခု

 

ဂျီအမ်အက်စ်သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆင်းရဲမှုပပျောက်စေရေး စသည့် အဓိက ဧရိယာများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် မူဘောင်တစ်ခုနှင့် ကာလကြာရှည် ပံ့ပိုးလုပ်ဆောင်ပေးလာခဲ့ပြီး ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း ၂ဝ၁၁ ခုနှစ်တွင် စတုတ္ထ အကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ယင်းအစည်းအဝေး တွင် ဂျီအမ်အက်စ် မဟာဗျူဟာမူဘောင် ၂ဝ၁၂-၂ဝ၂၂ ကို အတည်ပြုခဲ့ကြပါကြောင်း။

 

၂ဝ၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် (၂၂) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြု ခဲ့သည့် ယခုငါးနှစ် ဟနွိုင်းလုပ်ငန်းအစီအစဉ် အသစ် ၂ဝ၁၈-၂ဝ၂၂ နှင့် ယင်းကို အားဖြည့်ပံ့ပိုးပေးမည့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင် ၂ဝ၂၂ တို့ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း။

 

ဘဏ္ဍာငွေများရရှိအောင်

 

အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၆ ဘီလီယံခန့် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု နည်းပညာနှင့် အကူအညီဆိုင်ရာ စီမံကိန်း ၂၂၆ ခု ပါဝင်သော ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင် ၂ဝ၂၂ ပါ စီမံချက်များ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော ဘဏ္ဍာငွေများရရှိအောင် စုစည်းနိုင်လိမ့်မည် ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း။

 

ထို့ပြင် ''အကြားအလပ်မရှိ ပြီးပြည့်စုံမှုရှိသော၊ ယုံကြည်အားထားရသော၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု''ရရှိရန် ရည်ရွယ်ကာ ဂျီအမ်အက်စ် ပို့ဆောင်ရေးကဏ္ဍ မဟာဗျူဟာအသစ် ၂ဝ၁၈-၂ဝ၃ဝ ကိုလည်း ထောက်ခံပါကြောင်း။

 

မြန်မာနိုင်ငံရှိ မြို့များအပါအဝင် ဂျီအမ်အက်စ် မြို့တော်များအားလုံး၊ အဓိကမြို့များနှင့် ရေကြောင်း ပို့ဆောင်ရေး ဂိတ်များအားလုံး ဆက်သွယ်ထားပြီး အဓိက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားသည့် ဂျီအမ်အက်စ် အဓိက စီးပွားရေးစင်္ကြံသုံးခု၏ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ကြိုဆိုပါကြောင်း။

 

အောင်မြင်မှုများသည် ဖွံ့ဖြိုးမှုမိတ်ဖက်များ အထူး သဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဘဏ္ဍာငွေနှင့် နည်းပညာ ဆက်လက် ပံ့ပိုးကူညီနေမှုများကြောင့်ရရှိသော အောင်မြင်မှု များဟု မှတ်ယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဂျီအမ်အက်စ် အစီအစဉ် စတင်ကတည်းက ဆက်လက်ပံ့ပိုးကူညီလာသော အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်များ အားလုံးကို ကျေးဇူးတင်ရှိကြောင်း။

 

မျှဝေတာဝန်ယူ

 

ကြီးမားများပြားလှသည့်တိုးတက်မှုကို ရရှိထားပြီး ဖြစ်သော်လည်း ချိတ်ဆက်မှုဆောင်ရွက်ရာတွင် လည်းကောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရာတွင် လည်းကောင်း၊ ဒေသခွဲ အတွင်း ပိုမိုကြီးမားသည့် အသိုက်အဝန်းကို မြှင့်တင်ရာတွင် လည်းကောင်း စိန်ခေါ်မှုများစွာ ကျန်ရှိနေသေးသည့်အတွက် ဒေသခွဲတွင်း အခွင့်အလမ်းများနှင့် အလားအလာများစွာ တို့ကို ဖမ်းဆုပ်နိုင်ရန် မိမိတို့၏ တာဝန်ခံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မျှဝေတာဝန်ယူသည့်စိတ်ဖြင့် လုပ်ဆောင် ရမည် ဖြစ်ပါကြောင်း။

 

၂ဝ၁၆ ခုနှစ် ဧပြီလမှစပြီး မိမိတို့လက်ရှိ နိုင်ငံတော် အစိုးရသည် နိုင်ငံတွင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ အဓိက ရည်မှန်းချက်သည် ပြည်သူများ၏ လုံခြုံမှု၊ လွတ်လပ်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အာမခံပေးနိုင်သည့် တည်ငြိမ်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါကြောင်း။

 

ယခုအချိန် မြန်မာနိုင်ငံသည် အလုံးစုံပါဝင်သော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုရရှိရန် လိုအပ်နေသော မူဝါဒ များ၊ စနစ်များ၊ အဖွဲ့အစည်းများနှင့် လိုက်ဖက်ညီညွတ် သည့် ရည်မှန်းချက်များအပေါ် အခြေခံထားသည့် ''မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေး စီမံကိန်း''ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။

 

စီမံကိန်းကို အစိုးရ၊ လွှတ်တော်၊ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အခြားသက်ဆိုင်သူ အားလုံးဖြင့် လေးလေးနက်နက် ဆွေးနွေးတိုင်ပင်ကာ အပြီးသတ်ရေးဆွဲမည်ဖြစ်ပါကြောင်း။

 

MSDP ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများကို အကျိုးရှိစေမည့်အပြင် ဂျီအမ်အက်စ်ဒေသခွဲနှင့် အခြားသော ဒေသတွင်းအဖွဲ့ အစည်းများကိုပါ ထိရောက်စွာ ပံ့ပိုးပေးနိုင်မည်ဟု အလေး ထားပြောကြားလိုပါကြောင်း။

 

မြို့ပြများ အလျင်အမြန်ဖြစ်ထွန်းလာမှု၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝနှင့် လူသားကြောင့်ဖြစ်သော ဘေး အန္တရာယ်များ ကျရောက်မှု၊ နယ်စပ်ဖြတ်ကျော် လူများ ရွှေ့ပြောင်းနေထိုင်မှု၊ ပထဝီဝင် နိုင်ငံရေးအရ မတည်ငြိမ်မှု များစသည့် ပြဿနာများကြောင့် မိမိတို့အားလုံး အတွက် စိန်ခေါ်မှုများကို ပိုမိုခက်ခဲပြင်းထန်စေပါ ကြောင်း။

 

ထို့အတူ ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် မတည်ငြိမ်မှုများကြောင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးမှတစ်ဆင့်human security ကို ပိုမိုကောင်းမွန်အောင် အလေးထားလုပ်ဆောင်ကြရန် အထူးလိုအပ်လျက်ရှိပါ ကြောင်း။

 

အသိအမှတ်ပြုရန်လိုအပ်

 

အောင်မြင်မှုများနှင့် စိန်ခေါ်မှုများအပေါ် အခြေခံ ပြီး ကမ္ဘာ့အခင်းအကျင်းအသစ်တွင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းပြီး အခွင့်အလမ်းအသစ်များကို ဖော်ထုတ်ရာတွင် ပိုမိုတုံ့ပြန်နိုင်ပြီး ထိရောက်စေရန် အတွက် မိမိတို့၏ မဟာဗျူဟာများဖြင့် ဦးစားပေးလုပ်ငန်း များကို ပြန်လည်ချိန်ညှိရန် လိုအပ်ပါကြောင်း။

 

ထို့ပြင် ဂျီအမ်အက်စ်၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) နှင့်Belt and Road Initiatives အပါအဝင် အခြားသော ဒေသတွင်းInitiatives များ အကြား အပြန်အလှန် ဖြည့်ဆည်းဆောင်ရွက်နိုင်မှုကို ဖော်ထုတ်လုပ်ဆောင်ရင်းဖြင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုနှင့် open regionalism တို့၏ အရေးကြီးသည့် အခန်းကဏ္ဍကို ကောင်းစွာ အသိအမှတ်ပြုရန်လိုအပ်ပါ ကြောင်း ပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားတွင်GMSပူးပေါင်းဆောင်ရွက် ရေးနှင့်Ha Noi Action Plan 2018-2022 ၏ ရလဒ်များ တင်ပြခြင်း၊ GMS Private Sector ၏ အောင်မြင်မှုများနှင့် စပ်လျဉ်း၍GMS စီးပွားရေးကောင်စီ၏ အစီရင်ခံစာ တင်ပြခြင်း၊Ha Noi Action Plan 2012-2018, The Regional Investment ? Framework 2022 နှင့် 6th GMS Summit Joint Declaration တို့ကို အတည်ပြု ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ညနေ ၆နာရီခွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖုနှင့် National Convention Center (NCC)၌ တွေ့ဆုံသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် National Convention Center(NCC)၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်သည်။

 

အမြင်ချင်းဖလှယ် ဆွေးနွေး

 

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။