ဟိုပင်၌ ဈေးဝယ်ယောင်ဆောင်၍ ဆိုင်အတွင်းဝင်ရောက် ဆွဲကြိုးလုယက်

ဟိုပင် ၁၄   ဇွန် 


ကချင်ပြည်နယ် ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက်တွင် ဇွန် ၁၂ ရက် နံနက်က နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်အတွင်း ဝင်ရောက်၍ ဈေးဝယ်ယောင်ဆောင်ပြီး ဆိုင်ရှင်အမျိုးသမီး ဝတ်ဆင်ထားသည့် နှစ်ကျပ်သားခန့် ရွှေဆွဲကြိုး လုယက်သွားကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၁၂ ရက် နံနက် ၁၁ နာရီခွဲက ဟိုပင်မြို့၊ မြို့မမြောက်ရပ်ကွက်၊ နယ်မြေ(၁)နေ ဒေါ်ခင်သန်းမြင့်(ခ)မိတုတ်သည် နေအိမ်ကုန်စုံဆိုင်၌ ဈေးရောင်းနေစဉ် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အချိုရည်ဘူး ဝယ်လိုကြောင်းပြော၍ အချိုရည်ဘူးအား ထုတ်ပေးနေစဉ် ၎င်းအမျိုးသားမှ ဒေါ်ခင်သန်းမြင့်(ခ)မိတုတ် ဝတ်ဆင်ထားသည့် ငွေကျပ်သိန်း(၂၀)ခန့်တန်ဖိုးရှိ အလေးချိန်နှစ်ကျပ်သားခန့် သံကြိုးဆက်ရွှေဆွဲကြိုးအား အနောက်မှဆွဲဖြုတ်ပြီး ဆိုင်ရှေ့တွင်အသင့်စောင့်ဆိုင်းနေသော အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် အောင်ချမ်းသာလမ်းမှတစ်ဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း ထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဆွဲကြိုးလုယက် ထွက်ပြေးသွားသူအား ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။ 


ဝင်းနိုင်(ကချင်မြေ)