ဟိုပင်မြို့ ဇီးကုန်းကျေးရွာကားလမ်းတွင် စိတ်ကြွဆေးများ ဖမ်းဆီးမိ

ကချင်ပြည်နယ် ဟိုပင်မြို့ (၇)မိုင်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာရှိ ဟိုပင်-လုံးတုံ-ကုန်းသာ-ညောင်ပင် ကားလမ်း မိုင်တိုင်အမှတ်(၈/၂) အနီးတွင် ရပ်တန့်ထားသောကားအား ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက  ရှာဖွေစစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးများ တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ဟိုပင် နယ်မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းဦးစီးသည့် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့က လမ်း၏ဘယ်ဘက်တွင် ရပ်တန့်ထားသည့် 7C/---- TOYOTA HILUX SURF နက်ပြာရောင် ကားတစ်စီးအား စစ်ဆေးရန် သွားရောက်နေစဉ် ကားအနီးတွင် အထုပ်တစ်ထုပ်နှင့် လူလေးဦးအား မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ပြီး ၎င်းလမ်း၏ တစ်ဖက်ရှိ ချောက်အတွင်းသို့ ရုတ်တရက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါကား၏ အနောက်ခန်းအတွင်းရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၅၇၂ ခွက် အလေးချိန် ၅၇၂၀ ဂရမ်၊ (ကာလတန်ဖိုးကျပ် ၄၀၀၄ သိန်း)၊ အမှတ်အသားမပါသော ကာလတန်ဖိုးကျပ် ၂၀၀၀၇ သိန်း တန်ဖိုးရှိ  ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆၆၆၉၀၀ အလေးချိန် ၆၆၆၆၉၀ ဂရမ်၊  ကာလတန်ဖိုး ကျပ်သိန်း ၆၄၆၆၅၀၀၀ တန်ဖိုးရှိ ဘိန်းဆီခဲ ၂၂ ထုပ်  အလေးချိန် ၁၄၃၇၀ ဂရမ်ရှိ မူးယစ်ဆေးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော ဦးဖော်တူး အမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခု၊ 7C/----- TOYOTA HILUX SURF စာသားပါ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တစ်ခု၊ ဇော်ဆိုင်း အမည်ပါ မှတ်ပုံတင်ကတ်တစ်ခုနှင့် ဦးအောင်ထွန်း အမည်ပါ ကားပြုပြင်ခပြေစာ ၁ စောင်တို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးသယ်ဆောင်သူ လေးဦးမှာထွက်ပြေး တိမ်းနေသောလည်း ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

 

သန်းထွန်း(မိုးညှင်း)