ဟောင်ကောင်တွင် တစ်နိုင်ငံ၊ စနစ်နှစ်မျိုးမူဝါဒကို ထိန်းသိမ်းမည်ဟု တရုတ်သမ္မတ ကတိပြု

ပေကျင်း ၃၀  စက်တင်ဘာ

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ဖြစ်သည့် ဟောင်ကောင်တွင် ဒီမိုကရေစီ ထောက်ခံဆန္ဒပြမှုများ လနှင့်ချီဖြစ်ပွားခဲ့ ပြီးနောက် ဟောင်ကောင်မြို့တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒကို ထိန်းသိမ်းသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့က ကတိပြုပြောကြားသည်။

တရုတ်နိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အခမ်း အနားပွဲများမတိုင်မီညတွင် ‌ ပေကျင်းမြို့၌ ပြုလုပ်သည့် ဧည့်ခံပွဲတစ်ခု၌ သမ္မတ ရှီကျင့်ဖျင် က တရုတ်နိုင်ငံအနေဖြင့် “တစ်နိုင်ငံ၊ စနစ် နှစ်မျိုး” နှင့် “မြင့်မားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အဆင့်” မူဝါဒများကို အပြည့်အဝ သေသေချာချာ ဆက်လက်အကောင်အထည် ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဗြိတိန်က တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် စီးပွားရေး အချက်အချာဖြစ်သည့် ဟောင်ကောင်တွင် လွတ်လပ်ခွင့်များ တစ်စတစ်စကွယ်ပျောက် နေသည်ဟု ဆန္ဒပြသူများက လနှင့်ချီ၍ ဆန္ဒပြမှုများကြောင့် ဟောင်ကောင်သည် ပြဿနာ၊ အခက်အခဲများကြုံတွေ့နေရသည်။
အမိမြေ၏ အပြည့်အဝထောက်ခံမှု၊ အမိမြေကိုချစ်သည့် ဟောင်ကောင်နှင့် မကာအိုရှိ ရောင်းရင်းတရုတ်လူမျိုးများ၏ စုပေါင်းအားထုတ်မှုဖြင့် ဟောင်ကောင်သည် ပြည်မကြီးနှင့်အတူ တိုးတက်ကြွယ်ဝမည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြား သည်။

တရုတ်နိုင်ငံသည် အောက်တိုဘာ ၁ ရက် တွင် အလွန်ကြီးမားသည့် စစ်ရေးပြပွဲများ၊ နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲများ အပါအဝင် နှစ်ပတ်လည်အခမ်းအနားများ ကျင်းပရန် ပြင်ဆင်နေသည်။ တရုတ်နိုင်ငံသည် ယင်းအခမ်းအနားကို လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း စီးပွားရေး တိုးတက်အောင်မြင်မှု၊ အမျိုးသားရေးဝါဒနှင့် တစ်ခုတည်းသော နယ်မြေ၏ အရေးပါမှုကို အလေးထားဖော်ပြ သည့် အောင်ပွဲအခမ်းအနားအဖြစ် သတ်မှတ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ညီညွတ်ခြင်းသည် သံနှင့် သံမဏိဖြစ်ကြောင်း၊ ညီညွတ်ခြင်းသည် အင်အားဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ၎င်း၏နယ်မြေအစိတ် အပိုင်းအဖြစ်ရှုမြင်ဆဲဖြစ်ပြီး ပြန်လည်ပေါင်းစည်းရန် မျှော်လင့်နေသည့် ထိုင်ဝမ်ကျွန်းကိုလည်း သမ္မတ ရှီကျင့်ဖျင်က ရည်ညွှန်းပြောဆိုခဲ့သည်။ အမိမြေ၏ အပြည့်အဝပြန်လည် ပေါင်းစည်းရေးသည် မလွဲဧကန် ဖြစ်မည့်လားရာဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အင်အားစုကမှ ပြန်လည်ပေါင်းစည်းရေးကို ဘယ်တော့မှ ရပ် တန့်စေနိုင်မည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ဇော်လင်း