ဟောင်ကောင်လူငယ်များနှင့် ရဲအဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွား

၈ ဇူလိုင်

များပြားလှသော လူစုလူဝေးကြီးသည် ဟောင်ကောင်ရှိ ဈေးဆိုင်တန်းတွင်  အငြင်းပွားဖွယ်ရာ တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို  ယမန်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

 

h2

 

အဆိုပါ လူစုလူဝေးကြီးသည် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးကိုဆက်သွယ်ထားသော မြန်နှုန်းမြင့်ရထားပြေးဆွဲသည့် Kowloon  ရထားဘူတာရုံ အနီးတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းဆန္ဒပြပွဲတွင် ပါဝင်သူ နှစ်သိန်းသုံးသောင်းရှိကြောင်း စီစဉ်သူများက လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

 

h3

 

ယခင်ဆန္ဒပြပွဲများကို အစိုးရအဆောက်အဦး နယ်မြေများနှင့်လွှတ်တော် တို့တည်ရှိရာ ဟောင်ကောင်ကျွန်းတွင် ပြုလုပ်ခဲ့ကြသည်။ တရုတ်ပြည်မကြီးတွင် တရားရင်ဆိုင်ရန် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းပေးရန် ဆန္ဒပြသူများက ယမန်နေ့က ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့ကြသည်။ ထို ဆန္ဒပြပွဲသည် ထိခိုက်ဒဏ်ရာရသူတစ်ဦးမျှ မရှိပဲ ပြီးဆုံးသွားခဲ့သည်။ 

သို့သော်လည်း ယမန်နေ့နှောင်းပိုင်းက ထောင်ချီရှိ သောလူငယ်များသည် ခရီးသွားဧည့်သည်များကြိုက်နှစ်သက်ရာ ဈေးဝယ်များသော Kowloon ဈေးဆိုင်တန်းဖြစ်သည့် နာသန်လမ်းသို့ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

သန်းခေါင်ယံအချိန်တွင် ဆန္ဒပြလူငယ်များနှင့် လူစုခွဲရန်ကြိုးပမ်းခဲ့သည့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားကာ ရဲအဖွဲ့က ဆန္ဒပြသူအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံမီဒီယာက ဆိုသည်။

ယမန်နေ့အစောပိုင်းက လူစုလူဝေးဖြင့် ဆန္ဒပြခြင်းသည် ဆင်ခြင်တုံတရားကို အခြေခံပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ကြောင်း ဟောင်ကောင် ဒေသန္တရအစိုးရက ပြောကြားသည်ဟု ယနေ့အစောပိုင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို