ဟောင်ကောင်လူငယ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်းများ ယှဉ်ပြိုင်မည်

၂၃ ဒီဇင်ဘာ 

ဟောင်ကောင် ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့်  ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲ (Jockey Club International Youth Invitational Football Tournament) ကို မြန်မာ ယူ-၁၉ အသင်းနှင့် ယူ-၁၅ အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ဖိတ်ကြားခဲ့ရာ မြန်မာယူ-၁၉ နှင့် ယူ-၁၅ အသင်းတို့ဖြင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို  ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှ ၂၂ ရက်ထိ ကျင်းပရန် စီစဉ်ထားပြီး ဟောင်ကောင် ဘောလုံး အဖွဲ့ချုပ်အနေဖြင့် အခြား ဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးနှင့် လူငယ် ကစားသမားများအတွက် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ ရရှိစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ ယူ-၁၉ အမျိုးသားအသင်းကို ဖွဲ့စည်းထားခြင်းမရှိသောကြောင့် လာမည့်နှစ်တွင် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၈ အသင်းဖြင့် ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က ကိုင်တွယ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၆ အသင်းကို ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အမျိုးသားအသင်းကိုမူ ဂျပန်နိုင်ငံသား မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) နည်းပြ တာကူမူက ကိုင်တွယ်နေပြီး အကယ်ဒမီမှ ကစားသမားအများစုဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းမှာလည်း ၂၀၁၉ ခုနှစ်တွင် အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ