ဟစ်ဇ်ဘိုလာက အစ္စရေးသို့ ဒုံးကျည် ၃၅ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်

 

ဂျေရုဆလင်၊ မတ် ၁၀

ဟစ်ဇ်ဘိုလာ စစ်သွေးကြွများက မတ် ၁၀ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဦးတည်၍ ဒုံးကျည် ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ အစ္စရေးဘက်မှလည်း ချက်ချင်းလေကြောင်းတိုက်ခိုက်မှု  ပြန်လည်တုံ့ပြန်ခဲ့သည်ဟု အစ္စရေးနှင့် လက်ဘနွန် သတင်းအရင်းအမြစ်များက ပြောသည်။ အစ္စရေးနိုင်ငံ မယ်ရွန်ဧရိယာသို့ ဦးတည်ကာ ဒုံးကျည်များပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး ဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစ္စရေးတို့၏  လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြင့် ဒုံးကျည်ခုနစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း  အစ္စရေးကာကွယ်ရေးဌာနက  ပြောသည်။  လူသေဆုံးမှုနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ခြင်းမရှိသေးချေ။   ဒုံးကျည်ပစ်ခတ်ခံရပြီးနောက် အစ္စရေးတပ်ဖွဲ့သည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသ ဟာဘရီယန်မြို့နှင့် ကိုနင်မြို့တို့ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု လက်ဘနွန် အမျိုးသား သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ ခီရာဘတ်ဆမ်ဒေသရှိ ဟစ်ဇ်ဘိုလာတို့ အသုံးပြုသည့် စစ်ရေးအဆောက်အအုံကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ကပြောသည်။

ထို့အပြင် အစ္စရေးစစ်လေယာဉ်များသည် အိုက်တာအက်ရှ်ရှဘ်ဧရိယာရှိ ဟစ်ဇ်ဘိုလာအခြေခံ အဆောက်အအုံနှင့် မရွန် အယ်ရက်စ် ဒေသရှိ တင့်ကားဖျက် ဒုံးကျည်ပစ်လွှတ်ရေးစခန်းတို့ကို ညတွင်းချင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။                             

ဆင်ဟွာ