ဂူးဂဲလ်က ထုတ်ဝေသူများကို သတင်းဖော်ပြမှုအတွက် အခပေးမည်

ကယ်လီဖိုးနီးယား ၂၇  ဇွန်

ဂူးဂဲလ်ကုမ္ပဏီသည် နိုင်ငံသုံးနိုင်ငံရှိ မိတ်ဖက်မီဒီယာ ထုတ်ဝေသူများကို သတင်းဖော်ပြမှုအကြောင်းအရာအလိုက် အခပေးသွားမည်ဖြစ်ကြောင်းနှင့် သုံးစွဲသူများအတွက် အခပေးသတင်းဆိုက်များသို့ အခမဲ့ဝင်ရောက်ခွင့် ရရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဘလော့ပေါ်တွင် တင်ထားသောပို့စ်၌ ဂူးဂဲလ်က အရည်အသွေးကောင်းကောင်း ဖန်တီးထားသည့် သတင်းဖော်ပြမှုအတွက် ထုတ်ဝေသူများကို အခပေးသွားမည့် တရားဝင်အစီအစဉ်တစ်ခုကို မကြာမီ မိတ်ဆက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

မိတ်ဖက်လက်တွဲလုပ်ဆောင်သွားမည့် ထုတ်ဝေသူများကို စဉ်းစားရာတွင် ဂျာမနီရှိ စပိုင်ဂျယ်အုပ်စု၊ ဩစတြေးလျရှိ ချာဝတ်မီဒီယာနှင့် ဘရာဇီးရှိ ဒိုင်ယာရီးယိုးအဖွဲ့တို့ကို စဉ်းစားထားကြောင်းနှင့် နောက်ပိုင်းတွင် ယခုထက် ပိုမိုများပြားသည့် ထုတ်ဝေသူများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူးဂဲလ်ကုန်ပစ္စည်း ထုတ်ဝေရေး စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ဘရက်ဘန်ဒါက ပြောကြားလိုက်သည်။

ဂူးဂဲလ်က အသုံးပြုသူများအတွက် အခပေးဆောင်းပါးများကို အခမဲ့ဖတ်ရှုနိုင်ရန် သက်ဆိုင်ရာ မိတ်ဖက်ထုတ်ဝေသူ သတင်းဆိုက်များကို အခပေးသွားရန်လည်း ကမ်းလှမ်းသွားမည်ဖြစ်သည်။

ထို့အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တင်းကျပ်မှုများ လုပ်ဆောင်လျက်ရှိသော ဂူးဂဲလ်က အသုံးပြုသူများ ရှာဖွေထားသော အချက်အလက်များနှင့် တည်နေရာပြမှတ်တမ်းများကို ၁၈ လအတွင်း အလိုအလျောက် ပယ်ဖျက်ပေးမည့် အစီအစဉ်တစ်ခုလည်း စတင်လိုက်ကြောင်း အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်က ကြေညာလိုက်သည်။

မကြာသေးခင်နှစ်များအတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရအချက်အလက် ချိုးဖောက်မှုဖြင့် ဖေ့စ်ဘွတ်နှင့် ဂူးဂဲလ်တို့ အနေဖြင့် များပြားသော ဒဏ်ငွေဆောင်လိုက်ရပြီးနောက် အများပြည်သူယုံကြည်မှု မြင့်တက်အောင် ကြိုးစားသည့်အနေဖြင့် ကြီးမားသည့် အွန်လိုင်းဝန်ဆောင်မှု နည်းပညာကုမ္ပဏီကြီးက အဆိုပါနည်းပညာသစ်ကို ဇွန် ၂၄ ရက်က စတင်မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

မိတ်ဆက်လိုက်သော နည်းပညာသစ်က အသုံးပြုသူအတွက် သတင်းအချက်အလက်များ အသုံးဝင်နေ သေးသရွေ့ ကာလပတ်လုံး ၎င်းတို့ကို သိမ်းဆည်းပေးထားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ပီချိုင်က ပြောသည်။

အေအက်ဖ်ပီ